နတ်မောက်သား ဗိုလ်ချုပ်က အဲလို.....ဗျာ့

နတ်မောက်သား ဗိုလ်ချုပ်က အဲလို.....ဗျာ့

တစ်ခါတုန်းက နတ်မောက်မြို့မှာ မူလတန်း ကျောင်းဆရာကြီး ဆရာစံသည် ရထားစီးပြီး မန္တလေးသို့ ခရီးထွက်ခဲ့သည်။

ထိုစဉ်က နတ်မောက်မှ မန္တလေးသို့ ရထားဖြင့် သွားလိုပါက နတ်မောက်မှ ပျဉ်းမနားသို့ ရထားစီးရသည်။ ပျဉ်းမနားရောက်မှ မန္တလေးဘက်သွားသော ရထားကို ပြောင်းစီးရသည်။

ဆရာစံသည် ပျဉ်းမနားမှ မန္တလေး ရထားစီးပြီး ခရီးဆက်ခဲ့သည်။ ဆရာစံနှင့် ထိုင်ခုံ အတူစီးလာသော ခရီးသည်ကြီးက ဆရာစံအား "ခင်ဗျားက ဘယ်ကလဲ" ဟု မေးလေသည်။ ဆရာစံက "ကျွန်တော် နတ်မောက်ကပါ" ဟု ဖြေလိုက်သည်။

ထိုအခါ ခရီးသည်ကြီးက "ဒါဆိုရင် ခင်ဗျားက ဗိုလ်ချုပ်အောင်ဆန်းမြို့ကပေါ့ ဗိုလ်ချုပ်အောင်ဆန်းက ကျုပ်တို့ဆီလည်း လူဘူးတယ်ဗျာ့။ အဲဒီ့တန်းက ဗိုလ်ချုပ်က ကျုပ်တို့မြို့ကို နေ့လည်စာ စားမီလာပြီး မိန့်ခွန်းပြောမယ်ဆိုလို့ ကျုပ်တို့လည်း ဗိုလ်ချုပ်တို့အဖွဲ့ ထမင်းစားဖို့ စီစဉ်ကြရတာပေါ့ဗျာ။ ကျုပ်လည်း ထမင်းဟင်းချက်တဲ့ အဖွဲ့ထဲ ပါတာပေါ့။ ဗိုလ်ချုပ်က ကျုပ်တို့ဆီကို မွန်းလွဲချိန်လောက် ရောက်လာတယ်။ ဗိုလ်ချုပ် မိန့်ခွန်းပြောပြီးမှ ဗိုလ်ချုပ်တို့အဖွဲ့ ထမင်းစားကြမယ်လို့ တာဝန်ရှိသူတစ်ယောက်က ကျုပ်တို့ကို လာပြောတယ်။

ခဏနေတော့ စွပ်ကျယ်အင်္ကျီ အဟောင်း အနွမ်းလေးနဲ့ လူတစ်ယောက် ရောက်လာတယ်။ အဲဒီ့လူက ဘာပြောလဲဆိုတော့ "ကျွန်တော့်ကို ထမင်းနည်းနည်းလောက် ကျွေးပါဗျာ" လို့ ပြောတယ်။ ကျုပ်တို့က "ခင်ဗျားကလည်းဗျာ ဗိုလ်ချုပ်တို့ကိုတောင် မကျွေးရသေးဘူး" လို့ ပြောလိုက်ကြတယ်။ အဲဒီ့အခါ သူက "ကျွန်တော် ထမင်း တအား ဆာနေလို့ပါ။ ပန်ကန်ပြားလေးထဲ ထမင်းဟင်း ပုံပေးလည်း ရပါတယ်" လို့ ပြောတော့ ကျုပ်တို့ကလည်း သနားတာနဲ့ ပန်ကန်ပြားထဲ ထမင်းနည်းနည်းနဲ့ ဟင်းပုံပြီး ကျွေးလိုက်ကြတယ်။ အဲဒီ့လူက ထမင်းကို ပလုတ်ပလောင်း စားလိုက်တာ ခဏလေးနဲ့ ကုန်သွားတယ်။ ထမင်းစားပြီးတော့ သူက "ကျေးဇူးတင်ပါတယ်ဗျာ"လို့ ပြောပြီး ခပ်သုတ်သုတ် ထွတ်သွားတယ်။ ကျုပ်တို့ စိတ်ထဲမှာတော့ "ဒီလူက ဘယ်လိုလူလည်း မသိဘူး၊ လူကြီးတွေတောင် မကျွေးရသေးဘူး၊ သူက အရင်လာပြီး ထမင်းတောင်းစားနေသေးတယ်"ပေါ့။

အဲဒီလူ ထွတ်သွားပြီး ခဏကြာတော့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောပါတယ်။ ကျုပ်တို့ ထမင်းချက်အဖွဲ့လည်း ဗိုလ်ချုပ်ကို မမြင်ဖူးတော့ အစောင့်တစ်ယောက်သာ ထားခဲ့ပြီး ဗိုလ်ချုပ် မိန့်ခွန်ပြောတဲ့နေရာ သွားကြတယ်။ ဗိုလ်ချုပ်လည်း မြင်လိုက်ရော ကျုပ်တို့အဖွဲ့ထဲက တစ်ယောက်က "ဟာ ... ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ခုန ငါတို့ဆီလာပြီး ထမင်းတောင်းစားတဲ့ လူပါလား"လို့ ပြောတယ်။ ကျုပ်တို့ တစ်ဖွဲ့လုံးကလည်း "ဟာ ... ဟုတ်ပါ့" ဆိုပြီး အံ့သြကြတာပေါ့။

ကျုပ်တို့အဖွဲ့လည်း ဗိုလ်ချုပ်မိန်းခွန်ပြောပြီးရင် ဗိုလ်ချုပ်တို့အဖွဲ့ကို ထမင်းကျွေးရမှာဆိုတော့ ဗိုလ်ချုပ်ကို မြင်ဖူးရုံလောက် ကြည့်ပြီး ပြန်ခဲ့ကြတယ်။ ကျုပ်တို့ တစ်ဖွဲ့လုံး စွပ်ကျယ်စုတ်လေးနဲ့ ထမင်းတောင်းစားတဲ့ ဗိုလ်ချုပ်အကြောင်းပြောရင်း သနားပြီး စိတ်မကောင်း ဖြစ်နေကြတယ်။

ဒါနဲ့ ကျုပ်တို့အဖွဲ့ ဗိုလ်ချုပ် မိန့်ခွန်းပြောပြီးရင် ချက်ချင်း ထမင်း ကောင်းကောင်း စားနိုင်အောင် ထမင်းပွဲတွေ ပြင်ကြတယ်။ ဗိုလ်ချုပ်တစ်ယောက်တည်းအတွက် စာပွဲထိုင်ခုံနဲ့ ကောင်းကောင်းမွန်မွန် သီးခြား စီစဉ်ထားပြီး အခြားသူများအတွက်တော့ ကြမ်းပြင်မှာ စားပွဲခုံများနဲ့ စီစဉ်ထားကြပါတယ်။

ဗိုလ်ချုပ်တို့အဖွဲ့လာတော့ ကျုပ်တို့က ဗိုလ်ချုပ်ကို သီးခြား စီစဉ်ထားတဲ့ စားပွဲသို့ ကြွရောက်ဖို့ ပြောကြတဲ့အခါ ဗိုလ်ချုပ်က "အဲဒီ့ပွဲကြီး ဖျက်ပစ်ကြ၊ လာကြ၊ ကြမ်းပြင်မှာပဲ တစ်ပြေးညီ အတူစားကြမယ်" လို့ ပြောပြီး ထိုင်စားပါတော့တယ်။ ခင်ဗျားတို့ နတ်မောက်သား ဗိုလ်ချုပ်က အဲလိုဗျာ့၊ ဒါကြောင့်လည်း ကျုပ်တို့က ခင်ဗျားတို့ နတ်မောက်သား ဗိုလ်ချုပ်ကို ချစ်ခင်လေးစားကြတာပေါ့ဗျာ။

ခရီးသည်ကြီးက ထိုကဲ့သို့ ပြောသောအခါ ဆရာစံက "ကျွန်တေ်ာတို့လည်း ဗိုလ်ချုပ်ကို အထူး ချစ်ခင် လေးစားကြပါတယ်။ ကိုယ့် နတ်မောက်သားဆိုတော့ ပိုပြီး ဂုဏ်ယူရတာပေါ့ဗျာ။ တကယ်တော့ ဗိုလ်ချုပ်က ကျွန်တေ်ာ့အောက် (၅) နှစ်ကျော်လောက် ငယ်ပါတယ်။ အသက်ငယ်ပေမယ့် ဂုဏ်သိက္ခာကတော့ ဗိုလ်ချုပ်က ကျွန်တော်တို့ထက် အဆပေါင်း မရေတွက်နိုင်အောင် ကြီးကျယ် မြင့်မြတ်လှပါတယ်။

ပြီးတော့ ဗိုလ်ချုပ်နဲ့ ကျွန်တော်တို့ ဆရာတူ တပည့်တွေပါ။ ဗိုလ်ချုပ်ကလည်း နတ်မောက် ဒီပင်္ကရာ ဆရာတော် ဦးသောဘိတ တပည့်၊ ကျွန်တော်ကလည်း နတ်မောက် ဒီပင်္ကရာ ဆရာတော် ဦးသောဘိတ တပည့်ပဲလေ။ ကျွန်တော်ဆိုရင် ကျောင်းအိပ်ကျောင်းစား ကျောင်းသားဘဝနဲ့ ဆရာတော် ဦးသောဘိတထံမှာ နှစ်ပေါင်းများစွာ မှီခို ဆည်းကပ်ခွင့် ရခဲ့ပါတယ်။ ရေနွေးကြို ဆန်ပြုတ်ပြုတ်မှ အစပြုပြီးတော့ ဆရာတော်အား ကျေးဇူးဆပ် ပြုစုခွင့်လည်း ရခဲ့ပါတယ်။ အခုလို ကျောင်းဆရာ ဖြစ်ခဲ့ရတာလည်း ဆရာတော် ကျေးဇူးကြောင့်ပါ။

ဆရာစံက ထိုကဲ့သို့ ပြောပြသောအခါ ခရီးသည်ကြီးက "ကျုပ်က ဗိုလ်ချုပ်ကို ချစ်ခင်လေးစားသလို အခုမှတွေ့ရတဲ့ ဗိုလ်ချုပ်နဲ့ ဆရာတူတပည့် တစ်ကျောင်းတည်းထွက်ဖြစ်တဲ့ ခင်ဗျားကိုလည်း ချစ်ခင်လေးစားသွားပြီဗျာ။ ကဲ ခင်ဗျားနဲ့တွေ့ရတာ ကျုပ် ဝမ်းလည်းသာတယ်။ ဗိုလ်ချုပ်ကို သတိရပြီး ဝမ်းလည်းနည်းတယ်။ ကျုပ် ဆင်းရမယ့်ဘူတာလည်း ရောက်ပြီ၊ ကျုပ် သွားလိုက်ဦးမယ်ဗျာ"ဟု ပြောဆိုပြီး သွက်သွက်လက်လက် ရထားပေါ်မှ ဆင်းသွားလေသည်။ ဆရာစံသည် ခရီးသည်ကြီး၏ အမည်နှင့် နေရပ်ကို မေးဖို့ အချိန်ပင် မရလိုက်တော့ပေ။

ဆရာစံသည် သွက်လက်ဖော်ရွေလျသည့် ထိုခရီးသည်ကြီးနှင့် တွေ့ရပြီး ဗိုလ်ချုပ်အကြောင်းတွေ သတိရနေမိသည်။ ဗိုလ်ချုပ်၏ ရိုးသားဖြောင့်မတ်မှု၊ နိုးကြားကြိုးစားမှု၊ တန်းတူညီတူ ဆက်ဆံမှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ်မှာ မေတ္တာစေတနာထားမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ ဆင်းရဲနွမ်းပါးစွာ သွားလာနေထိုင် စားသောက်ရမှု၊ တိုင်းပြည် လွတ်လပ်ရေးအတွက် အသက်စွန့်မှုများကို ပြန်လည် မြင်ယောင်နေမိသည်။ ဗိုလ်ချုပ်ကို သတိရအောက်မေ့ပြီး ဝမ်းသာမှုနှင့် ဝမ်းနည်းမှု ဂုဏ်ယူမှုနှင့် နှမြောမှု၊ တမ်းတမှုနှင့် ကြေကွဲမှုတွေ ရောထွေးနေပါတော့သည်။

စကားညွှန်း ။   ။ အထက်ပါ အကြောင်းအရာကို မိမိ ငယ်စဉ်က ဆရာတော် ဦးသောဘိတ ကျောင်းပေါ်မှာ ပြောပြခဲ့သော ဆရာစံခေါ် ဆရာကြီး ဦးမောင်စံ (၁၉၁၉-၁၉၉၉) ကိုယ်စား ဗိုလ်ချုပ်၏ အနှစ် (၁၀၀)ပြည့် မွေးနေ့ အမှတ်တရာ မှတ်တမ်းတင်လိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly