ဇူလိုင် ၁၉ ။ ။ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ AIDS တိုက်ဖျက်မှုပိုင်းတွင် လက်ရှိ ကမ္ဘာတစ်ဝန်း ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ထားနိုင်မှုများမှာ လုံလောက်မှုမရှိသေးဘဲ ထပ်မံလုပ်ဆောင်ရန်လိုအပ်နေသေးကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားသည်။
AIDS ရောဂါအပေါ် ကမ္ဘာလုံးဆိုင်ရာ ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ချက်များမှာ လုံလောက်ခြင်းမရှိသေးဘဲ အခြေအနေများမှ စိတ်ချယုံကြည်နိုင်ခြင်းမရှိသေးကြောင်း ကုလအကြီးအကဲက ပြောကြားသွားသည်။
ယခုသီတင်းပတ်အတွင်း တောင်အာဖရိက နိုင်ငံတွင်း ကျင်းပပြုလုပ်နေသော ကမ္ဘာလုံးဆိုင်ရာ AIDS ရောဂါ တိုက်ဖျက်မှုညီလာခံသို့ တက်ရောက်လာချိန်တွင် ကုလအကြီးအကဲက အထက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်သည်။ အဆိုပါ ညီလာခံတွင် မင်းသမီး Charlize Theron ၊ အဆိုတော် Elton John နှင့် မင်းသား ဟယ်ရီ တို့သည်လည်း တက်ရောက်လာခဲ့ပြီး သုတေသနပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ မူဝါဒရေးရာ ချမှတ်သူများနှင့် အတူပူးပေါင်းကာ ရောဂါကာကွယ်ကုသမှုပိုင်းတွင် ပိုမိုကောင်းမွန်သော နည်းလမ်းများ ရှာဖွေနိုင်ရေး ဆွေးနွေးသွားကြမည်ဖြစ်သည်။
ကုလအကြီးအကဲကပြောကြားရာတွင် ကမ္ဘာတစ်ဝန်းရှိ HIV ပိုး ကူးစက်ခံထားရသူများ၏ ထက်ဝက်ကျော် သို့မဟုတ် လူပေါင်း သန်း ၂၀ ခန့်မှာ ကုသမှုခံယူနိုင်ခြင်းမရှိသေးဟု ပြောကြားသွားခဲ့သည်။
အဆိုပါ AIDS ရောဂါကို လာမည့် ၂၀၃၀ ပြည့်နှစ်မတိုင်ခင် ပပျောက်ရန် လုပ်ဆောင်သွားမည်ဟု ကမ္ဘာ့နိုင်ငံများက ကတိပြုပြောကြားထားသော်လည်း ယခုထက်ပို၍ ဘဏ္ဍာငွေထောက်ပံ့ဖြည်းဆည်းမှုများလိုအပ်နေသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။ အထူးသဖြင့် HIV ကူးစက်ခံ ဝေဒနာရှင်များ အဓိကသေဆုံးနေရသည့်အကြောင်းရင်းဖြစ်သော TB ရောဂါကိုပင် တိုက်ဖျက်ရန်လိုအပ်နေသည်ဟု ထောက်ပြသွားခဲ့သည်။