မာရက်ဇ်၏ ပြောင်းရွှေ့ကြေးကို ပေါင် ၄၅ သန်း လက်စတာအသင်း သတ်မှတ်

မာရက်ဇ်၏ ပြောင်းရွှေ့ကြေးကို ပေါင် ၄၅ သန်း လက်စတာအသင်း သတ်မှတ်

ဇူလိုင် ၁၉၊ အင်္ဂလန် ။            ။ အသင်းမှ ထွက်ခွာရန် ပြင်ဆင်နေသည့် အယ်လ်ဂျီးရီးယားကွင်းလယ်တိုက်စစ်ကစားသမား မာရက်ဇ်၏ ပြောင်းရွှေ့ကြေးကို ပေါင် ၄၅ သန်းဟု လက်စတာအသင်းက သတ်မှတ်လိုက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့်ရာသီက လက်စတာအသင်းပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေရန် အဓိက နေရာမှ ခြေစွမ်းပြခဲ့သည့် မာရက်ဇ်သည် မူလကအသင်းတွင် ဆက်နေမည်ဟု သတင်းထွက်နေခဲ့သော်လည်း ကန်တီကို ချယ်လ်ဆီးအသင်းက ခေါ်ယူသွားပြီးနောက် အသင်းပြောင်းရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့သည့် မာရက်ဇ်ကို အာဆင်နယ်၊ ချယ်လ်ဆီး၊ ဘာစီလိုနာနှင့် ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူရန် စောင့်ကြည့်နေကြသည်။

လက်စတာအသင်းက မာရက်ဇ်၏ ပြောင်းရွှေ့ကြေးကို သတ်မှတ်ထားသော်လည်း လာမည့်ရာသီတွင် ချန်ပီယံလိဂ်ကစားရန်ရှိနေပြီး ဗာဒီကလည်း အသင်းတွင်ဆက်နေရန် ဆုံးဖြတ်ထားသောကြောင့် မာရက်ဇ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်နေသည်။

မာရက်ဇ်၏လက်ရှိလစာငွေမှာ တစ်ပတ်လျှင် ပေါင် သုံးသောင်းခွဲသာရရှိနေပြီး လက်စတာအသင်းက ပေါင်ရှစ်သောင်းအထိ တိုးမြှင့်ပေးမည်ဟု ကမ်းလှမ်းထားသည်။ သို့သော် မာရက်ဇ်၏အေးဂျင့်က အသင်းသစ်ရှာဖွေနေသည်ဟု ပြောဆိုထားသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly