လွှတ်တော်တွင်း တပ်မတော်သား အမတ်များ အလိုမရှိကြောင်း အာဇာနည်နေ့အမှီ လူမှုကွန်ယက်တွင် လှုပ်ရှားမည်

လွှတ်တော်တွင်း တပ်မတော်သား အမတ်များ အလိုမရှိကြောင်း အာဇာနည်နေ့အမှီ လူမှုကွန်ယက်တွင် လှုပ်ရှားမည်

ရန်ကုန်/မန္တလေး၊ ဇူလိုင် ၉ ။     ။ လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော်အမတ် ၂၅ရာခိုင်နှုန်းကို အလိုမရှိကြောင်း စတစ်ကာ လှုပ်ရှားမှု (Sticker Campaign) ကို အာဇာနည်နေ့ မတိုင်မီအထိ လူမှုကွန်ယက် ဖေ့စ်ဘုတ်ပေါ်တွင် ပြုလုပ်သွား မည်ဟု စတင်ဦးဆောင်သူ ခေတ်ပေါ်ကဗျာဆရာ ကိုလင်းသက်ငြိမ်က မဇ္ဈိမကို ပြောသည်။

"အမှန်တကယ် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားဖို့ဆိုရင် လွှတ်တော်ထဲမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းမရှိမှဖြစ်မယ်။ သူတို့က ဒီမိုကရေစီ လမ်းကြောင်းအတွက် အတားအဆီးတစ်ခုဖြစ်နေတယ်။ ဒါကိုပြည်သူလူထုကရော၊ နယ်ပယ်စုံကရော သိတယ်။

ဒါကြောင့် ကျွန်တော်တို့ကဗျာဆရာတွေအနေနဲ့  ၂၅ ကျပ်သားထွက်သွားဖို့ ကမ်းပိန်းလုပ်တာပဲ။ အွန်လိုင်းကလည်း လုပ်မယ်။ ဈေးတွေ၊စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေမှာလည်း လုပ်သွားမယ်။ ရွေးကောက်ပွဲ မရောက်မချင်း လုပ်သွားမယ်။" ဟု ၎င်းက ပြောသည်။

အဆိုပါကမ်ပိန်အား ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ လားရှိုး၊ ပခုက္ကူ အစရှိသည့် မြို့ကြီးများမှ ကဗျာဆရာများက လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် တစ်ပြိုင်တည်း ပြုလုပ်သွားမည် ဖြစ်ပြီး လူမှုကွန်ယက်တွင်သာမက ကိုယ်တိုင်ကွင်းဆင်း ပြုလုပ်ရန် ရှိသည် ဟုဆိုသည်။ သက်ဆိုင်ရာက တားဆီးမှု ရှိပါကလည်း ရင်ဆိုင်ဖြေရှင်းသွားမည်ဟု လှုပ်ရှားမှုကို ထောက်ခံသည့် ကဗျာဆရာများ က ဆိုသည်။

ထိုသို့ကမ်ပိန်းများ အထက်မြန်မာပြည်အနေဖြင့် တစ်ပြိုင်တာ်ည်း လုပ်ဆောင်နိုင်ရန် ကဗျာဆရာများသည် အွန်လိုင်းမှ ၁၀ကြိမ်တိုင် ဆွေးနွေးခဲ့ရသည်ဟု ဆိုသည်။

ဇွန်လ ၃၀ က လွှတ်တော်တွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များ ဖယ်ရှားပေးရန် တက္ကသိုလ်ကျောင်းသားများက ရန်ကုန်မြို့တွင် ခွင့်ပြုချက် မတောင်းခံဘဲ ဆန္ဒပြခဲ့သဖြင့် ဦးဆောင်သူ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် သုံးဦးကို ပုဒ်မ ၁၈အပါအဝင် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်အရေးယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly