အာဏာသိမ်းရန်ကြံစည်မှု အပြစ်ရှိသည်ဆိုသည့် ဘာသာရေးခေါင်းဆောင်ကို ပေးပို့ရန် အမေရိကန်ကို တူရကီသမ္မတ တောင်းဆို

အာဏာသိမ်းရန်ကြံစည်မှု အပြစ်ရှိသည်ဆိုသည့် ဘာသာရေးခေါင်းဆောင်ကို ပေးပို့ရန် အမေရိကန်ကို တူရကီသမ္မတ တောင်းဆို

အစ္စတန်ဘူလ်၊ ဇူလိုင် ၁၇ ။                  ။ နိုင်ငံအား ခိုင်ခိုင်မာမာ ပြန်လည်ထိန်းချုပ်နိုင်ပြီးဖြစ်ကြောင်း ကြေညာရာတွင် တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်က လူပေါင်း ၂၀၀ ကျော် သေဆုံးရသည့် စစ်တပ်၏ အာဏာသိမ်းရန် ကြံစည်မှု၌ အပြစ်ရှိသူ ပြည်ပြေး အစ္စလာမ်ဘာသာရေးခေါင်းဆောင်အား အမေရိကန်နိုင်ငံအနေဖြင့် ဖမ်းဆီးကာ တရားခံလွှဲပြောင်းစေလိုကြောင်း ဇူလိုင် ၁၆ ရက်က တောင်းဆိုလိုက်သည်။

အမေရိကန်တွင် နေထိုင်လျက်ရှိသည့် အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဖတ်တူလက်ဂူလန်အား တူရကီတွင် မတည်ငြိမ်မှုများ ပေါ်ပေါက်အောင် မီးမွှေးနေသည်ဟု သမ္မတ အာဒိုဂန်က စွပ်စွဲထားသူဖြစ်သည်။ တိုက်ရိုက်အားဖြင့် မဖော်ထုတ်နိုင်သော်လည်း ဖတ်တူလက်ဂူလန်သည် အတိတ်က တူရကီ၌ ဖြစ်ပွားသော အစိုးရဖြုတ်ချအာဏာသိမ်းမှုများတွင် ၎င်း၏ အရိပ်အငွေ့မကင်းကြောင်း ယူဆရသည်။

ယခုကဲ့သို့ အာဏာသိမ်းရန် ကြံစည်မှုဖြစ်ပွားခြင်းက စစ်တပ်အတွင်း မကျေနပ်မှုများ နက်ရှိုင်းစွာဖြစ်ပေါ်နေသည်ကို မြင်တွေ့ရသည်။ သို့သော်လည်း အာဏာသိမ်းသည့် ညနောက်ပိုင်း ဖမ်းဆီးမှုများ ပြုလုပ်နေပြီဖြစ်သော်လည်း မည်သူက ကြိုးကိုင်ကာ မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ အာဏာသိမ်းရခြင်းဖြစ်ကြောင်းကိုမူ မသိရသေးပေ။

နေတိုးမဟာမိတ်နှင့် အိုင်အက်စ်တိုက်ခိုက်ရေးတွင် အမေရိကန်၏ မိတ်ဖက်ဖြစ်သော တူရကီနိုင်ငံ၏ နိုင်ငံရေးစနစ်အပေါ် အာဏာသိမ်းရန် ကြံစည်မှုနောက်ပိုင်း မည်သို့ဆက်လက်ဖြစ်နေသည်ကိုလည်း မသိရသေးပေ။

ဆီးရီးယားနှင့် အီရတ်တွင် အိုင်အက်စ်တိုက်ခိုက်ရေးတွင် အမေရိကန်လေကြောင်းထိုးစစ်များဆင်နွှဲနိုင်ရေးအတွက် ခွင့်ပြုပေးထားသည့် တူရကီ၏ Incirlik လေတပ်စခန်းပတ်လည်ကို တူရကီအာဏာပိုင်များက ပိတ်ပစ်ပြီးနောက်တွင် သမ္မတအာဒိုဂန်က ၎င်းကို တုပြိုင်နေသည့် ပြိုင်ဖက်အား အပြစ်ပေးမှုတွင် အမေရိကန်အနေဖြင့် ပါဝင်ပေးရန်လည်း တိုက်တွန်းသည်။

"တူရကီနိုင်ငံက ဂူလန်ရဲ့ လက်ချက်ကြောင့် တော်တော်လေး ထိခိုက်ဒုက္ခရောက်ရတယ်။ ကျွန်တော်အနေနဲ့ အမေရိကန်နဲ့ သမ္မတအိုဘားမားတို့ကို တောင်းဆိုတယ်။ ဖတ်တူလက်ဂူလန်ကို ဖမ်းထားရင် ဖမ်းထား ဒါမှမဟုတ်လည်း တူရကီနိုင်ငံကို ပြန်ပို့ပေးဖို့ တောင်းဆိုတယ်။ ကျွန်တော်တို့ဟာ မဟာဗျူဟာမိတ်ဖက်တွေ ဒါမှမဟုတ် စံပြမိတ်ဆွေနိုင်ငံဖြစ်တယ်ဆိုရင်တော့ ဘာလုပ်သင့်တယ်ဆိုတာ အမေရိကန်အနေနဲ့ သိမယ်ထင်ပါတယ်။"ဟု အစ္စတန်ဘူလ်ရှိ နေအိမ်အနီး လာရောက်ထောက်ခံသော လူအုပ်အား အာဒိုဂန်က ပြောခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly