မိုးလေဝသနှင့် ဇလဗေဒမှ မြစ်ရေကြီးခြင်း သတိပေးချက်များ ထုတ်ပြန်

မိုးလေဝသနှင့် ဇလဗေဒမှ မြစ်ရေကြီးခြင်း သတိပေးချက်များ ထုတ်ပြန်

ရန်ကုန်၊ဇူလိုင် ၁၆ ။            ။ ဧရာဝတီမြစ်ရေသည် နောက်(၂)ရက်အတွင်း ဟင်္သာတမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည့်အတွက် ဟင်္သာ တခရိုင်အတွင်းရှိ မြစ်ကမ်းအနီးနေထိုင်သူများနှင့်   မြေနှိမ့်ပိုင်းနေသူများ အထူးသတိပြုနေထိုင်ကြရန် ဇူလိုင်လ ၁၆ ရက်နေ့ နေ့လည်(၁)နာရီတွင် မိုးလေဝသနှင့် ဇလဗေဒက ထုတ်ပြန်ကြေညာထားသည်။

လက်ရှိတွင် ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင်ရောက်ရှိနေပြီး ယနေ့ မြန်မာ စံ တော်ချိန် ၁၂နာရီခွဲ အချိန်တိုင်းထွာချက်အရ နောက် ၂ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်း ထားခြင်း ဖြစ်သည်။

ထို့ပြင် ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ပေဝက်ခန့် ကျော်လွန်နေပြီး နောက်(၄)ရက်အတွင်း ပေဝက်ခန့် ဆက်လက် တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေနိုင်သည့်အတွက် ငဝန်မြစ်တစ်လျှောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေ ထိုင်ကြပါရန်
အကြံပြုထားသည်။

ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပြီး နောက် (၂)ရက် အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင် ကြောင်းနှင့် မော်လိုက်မြို့တွင် ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အောက် (၃)လက်မခန့် ရောက်ရှိနေကာ နောက်(၁)ရက် အတွင်း စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။

ထို့ကြောင့်  ဟုမ္မလင်းမြို့နယ်နှင့် မော်လိုက်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်လည်း အထူးသတိပြု နေထိုင်ကြပါရန် မိုးလေဝသနှင့် ဇလဗေဒကအကြံပြုထားသည်။

စိုးရိမ်ရေမှတ်အောက် ကျဆင်းနိုင်မှု အခြေအနေများအနေဖြင့် ဇူလိုင်လ ၁၆ရက်နေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီ အချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ၏ ထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly