မိုင်ဂျာယန်အစည်းအဝေးတွင် အမျိုးသမီးများအဖွဲ့ချုပ်က စစ်ပြေးဒုက္ခသည်အရေး အဓိက ဆွေးနွေးမည်

မိုင်ဂျာယန်အစည်းအဝေးတွင် အမျိုးသမီးများအဖွဲ့ချုပ်က စစ်ပြေးဒုက္ခသည်အရေး အဓိက ဆွေးနွေးမည်

ချင်းမိုင်၊ ဇူလိုင် ၁၅ ။               ။ ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးတွင် စစ်ပြေးဒုက္ခသည်များ အရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ အဓိက ဆွေးနွေးတင်ပြသွားမည် ဖြစ်ကြောင်း အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ-WLB)က ပြောသည်။

အဓိကအားဖြင့် စစ်ပြေးဒုက္ခသည်များ ပြန်လည်နေရာချထားရေး၊ စစ်ပြေးဒုက္ခသည်များနှင့် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များ(IDP)များအတွက် စားနပ်ရိက္ခာထောက်ထားရေး အစီအစဉ်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စသည့် အချက် ၃ ချက်ကို ဆွေးနွေးရန် WLB မူဝါဒရေးရာ ဦးဆောင်ကော်မတီ၏ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်ကြာ ကျင်းပသော အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ကျမတို့မှာ လိုအပ်နေတာက လူသားချင်းစာနာထောက်ထားတဲ့ အထောက်အပံ့တွေ ဆက်လက် ပံ့ပိုးပေးနိုင်ဖို့ပေါ့နော်။ နောက်တခုက အခုလက်ရှိမှာ တိုင်းရင်းသားဒေသ အပါအဝင် မြန်မာနိုင်ငံ တနိုင်ငံလုံးက ဘိန်းနဲ့ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးသက်ရောက်မှုတွေ အများကြီး ခံစားနေရတယ်။ ဆိုတော့ ဒီဟာတွေကို ကျမတို့က ဒီငြိမ်းချမ်းရေးဆွေးနွေးတာနဲ့ တပြိုင်နက်တည်း တချိန်တည်းမှာပဲ ကျမတို့က ဆွေးနွေးချင်တယ်၊ ဒီအချက်တွေကို မိုင်ဂျာယန်အစည်းအဝေးမှာ သွားပြီးမှ ဆွေးနွေးဖို့ ရှိပါတယ်”ဟု WLB အထွေထွေ အတွင်းရေးမှူး ဂျူလီယာမရစ်ပ်က သတင်းထောက်များကို ပြောဆိုခဲ့သည်။

အထူးသဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်၍ IDP နှင့် စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်လည် နေရာချထားရေးနှင့် နေရပ်ပြန်နိုင်ရေးအတွက် အဟန့်အတားဖြစ်စေသည့် မြေမြှုပ်မိုင်း ရှင်းလင်းခြင်း၊ နေရာထိုင်ခင်းများနှင့် လုပ်ကိုင်စားသောက်မှုများ ရရှိရေးစသည့် အစီအစဉ်များရရှိရန်နှင့် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများကိုလည်း အစိုးရနှင့် တိုက်ရိုက်ဖြစ်စေ၊ နယ်စပ်ဖြတ်ကျော်၍ တိုက်ရိုက် အကူအညီများကိုလည်း ဆက်လက် ထောက်ပံ့ပေးရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးမှုတွင် ထည့်သွင်းဆွေးနွေးရန် ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ထို့ပြင် မူးယစ်ဆေးဝါး၏ ဆိုးကျိုး နောက်ဆက်တွဲ ပြဿနာကို အမျိုးသမီးများ ပိုမို ခံစားနေရသဖြင့် အမျိုးသမီးများဘဝ ပြန်လည် ထူထောင်ရန်အတွက် မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှု အပါအဝင် မူးယစ်ဆေးဝါးထုတ်ုလုပ်မှု၊ ရောင်းချမှုများကို ချက်ချင်း ရပ်တန့်ရန်အတွက် မူးယစ်ဆေးဝါးနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်ပတ်သက်နေသူများ၊ အဖွဲ့အစည်းများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် မိုင်ဂျာယန် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးသွားရန် ပြင်ဆင်ထားသည်ဟု သူက ပြောသည်။

သုံးရက်ကြာ အစည်းအဝေးတွင် မကြာမီ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေညီလာခံ (၂၁ ရာစုပင်လုံ ညီလာခံ)တွင် WLB အနေဖြင့် ပါဝင်နိုင်ရေးအတွက် မဟာဗျူဟာများ ချမှတ်ခဲ့သလို၊ ပြည်တွင်းမှ အရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်းများ ဖိုရမ်တွင်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဖွဲ့ချုပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် မဟာဗျူဟာများ ချမှတ်ခဲ့သည်ဟု သူက ဆက်လက် ပြောဆိုသည်။

ထို့ပြင် မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးသို့ WLBမှ ကိုယ်စားလှယ် ၅ ဦးကိုလည်း ရွေးချယ်ခဲ့ရာ WLB အထွေထွေ အတွင်းရေးမှူး ဂျူလီယာမရစ်ပ်၊ အဖွဲ့ဝင် အဖွဲ့အစည်း များဖြစ်သော ကချင်အမျိုးသမီးများအစည်းအရုံး(ထိုင်းနိုင်ငံ)-KWATမှ မွန်းနေလီ၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO) နော်ဝါးခူရှီး၊ ပလောင်အမျိုးသမီးအစည်းအရုံး(PWO)မှ လွေးချယ်ရီ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာနှင့် အခွင့်အရေးများဆိုင်ရာ အဖွဲ့(WRWAB)မှ အားခူတို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

WLB သည် အမျိုးသမီးများ၏ အခွင့်အရေး ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့သလို၊ ပြည်တွင်းစစ်ကြောင်း ပေါ်ပေါက်လာသည့် အဖွဲ့ချုပ်ဖြစ်ပြီး မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် ပင်လုံစိတ်ဓါတ်ကို အခြေခံသည့် ပြည်ထောင်စု ပြန်လည် တည်ဆောက်ရာတွင် တသက်တအား ဆက်လက် ပါဝင်သွားမည် ဖြစ်ကြောင်း ဂျုလီယာ မရိစ်ပ်က ပြောသည်။

WLB ၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီ၏ အစည်းအဝေးတွင် တိုင်းရင်းသား အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့မှ ကိုယ်စားလှယ်များ အပါအဝင် ဒေါက်တာစင်သီယာမောင်၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဌ နော်စီဖိုးရာစိန်တို့လည်း တက်ရောက်ခဲ့ပြီး အမျီုးသမီးစုစုပေါင်း ၂၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် လက်မှတ်မထိုးသေးသော အဖွဲ့အစည်းများမှ ခေါင်းဆောင်များက WLB ကို ဖိတ်ကြားရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၈ ရက်က ကျင်းပသော အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ဒုတိယအကြိမ်မြောက် လော်ခီလာ ညီလာခံတွင် နိုင်ငံရေးဆွေးနွေးမှု အဆင့်ဆင့်တွင် အမျိုးသမီးများကို ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရန် ဆုံးဖြတ်ခဲ့သလို၊ WLB ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ အနီးစပ်ဆုံး ဆွေးနွေးညှိနှိုင်းမှုတိုင်းတွင် ပါဝင်ရန် WLB ကို ဖိတ်ခေါ်ရခြင်း ဖြစ်သည်ဟု နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN) ခေါင်းဆောင် ခူဦးရယ်က မကြာမီက မဇ္ဈိမကို ပြောဆိုခဲ့သည်။

ထို့ပြင် ပြည်တွင်းမှ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)နှင့် ညီနောင်တိုင်းရင်းသား ဖက်ဒရေးရှင်း(NBF)တို့ကိုလည်း ကိုယ်စားလှယ် ၅ ဦးစီ ဖိတ်ခေါ်ထားသည်။

WLB ကို ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်က ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ချ်နိုင်ငံများတွင် အခြေစိုက်သည့် တိုင်းရင်းသူ အမျိုးသမီး အဖွဲ့အစည်း ၁၃ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ အမျိုးသမီးသမဂ္ဂ(BWU)၊ ကချင်အမျုးိသမီးအစည်းအရုံး(ထိုင်းနိုင်ငံ)-KWAT၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)၊ ကယန်းအမျိုးသမီးအစည်းအရုံး(KYWO)၊ ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး(KWHRO)၊ လားဟူအမျိုုးသမီးအစည်းအရုံး(LWO)၊ ပလောင်အမျိုးသမီးအစည်းအရုံး(PWO)၊ ပအိုဝ်းအမျိုးသမီးသမဂ္ဂ(PWU)၊ ရခိုင်အမျိုး သမီးအစည်းအရုံး(RWU)၊ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း(SWAN)၊ ထားဝယ် အမျိုးသမီး သမဂ္ဂ(TWU)နှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာနှင့် အခွင့်အရေးများဆိုင်ရာ အဖွဲ့(WRWAB)တို့ဖြင့် ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly