၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား တပ်ချုပ် ပထမအကြိမ် တက်ရောက် ဂါရဝပြုမည်

၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား တပ်ချုပ် ပထမအကြိမ် တက်ရောက် ဂါရဝပြုမည်

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် ကျင်းပမည့် ၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂါရဝပြုမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သက်တမ်းတစ်လျောက်တွင် အာဇာနည်ဗိမာန်သို့ တက်ရောက် ဂါရဝပြုသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်နှစ်များတွင်မူ ဒုတိယသမ္မတသာ တက်ရောက်လေ့ရှိကာ သမ္မတ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်လေ့ မရှိပေ။

NLD အစိုးရလက်ထက်တွင် တပ်ချုပ်က အာဇာနည်ဗိမာန်သို့ လာရောက်ကာ အာဇာနည် ကိုးဦးကို ဂုဏ်ပြုမည့်အပေါ် "အစိုးရ ပြည်သူနှင့် တပ်မတော် တစ်သားတည်းရှိကြောင်း တပ်ချုပ်က   ပြတဲ့သဘောလို့ မြင်တယ်။ ဒီအချိန်ဟာ အားလုံးက ယုံကြည်မှုတည်ဆောက်နေတဲ့အချိန်ဆိုတော့ ဒီလိုတက်ရောက်တာဟာ နိုင်ငံတည်ဆောက်ရေး အတွက်အင်မတန် အကျိုးများမယ့် ပုံရိပ်တစ်ခုဖြစ်ပေါ်စေတာပေါ့" ဟု စာရေးဆရာတစ်ဦးဖြစ်သူ ကိုထက်ယံက သုံးသပ်သည်။

ယင်းအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိသားစုဝင်အဖြစ်သာ တက်ရောက်မည်ဟု သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားထားသည်။

သမ္မတဦးထင်ကျော်ကမူ တက်ရောက်မည်မဟုတ်ဘဲ နေပြည်တော်တွင် အာဇာနည်နေ့ကို ရည်စူးပြီး ပြုလုပ်မည့် ဆွမ်းကျွေးအခမ်းအနားကို တက်ရောက်မည်ဟု သိရသည်။ ဒုသမ္မတဦးမြင့်ဆွေကမူ ရန်ကုန် အာဇာနည်ဗိမာန်သို့ လာရောက် ဂါရဝပြုမည်ဖြစ်သည်။

၆၉ နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေဖြင့် မြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူကာ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဥသြဆွဲအချက်ပေးပြီး ထိုအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ကာ ဟွန်းတီးစေရေးတို့အတွက်လည်း   နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly