တောင်တရုတ်ပင်လယ်အရေးဆွေးနွေးရန် တရုတ်သို့ အထူးသံတမန် စေလွှတ်မည်ဟု ဖိလစ်ပိုင်သမ္မတပြော

တောင်တရုတ်ပင်လယ်အရေးဆွေးနွေးရန် တရုတ်သို့ အထူးသံတမန် စေလွှတ်မည်ဟု ဖိလစ်ပိုင်သမ္မတပြော

ဇူလိုင် ၁၅ ။                   ။ တောင်တရုတ်ပင်လယ်အရေး နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက်ကြောင့် တင်းမာရန်လိုနေသော တရုတ်နှင့် စေ့စပ်ဆွေးနွေးရန်အတွက် သမ္မတဟောင်း ဖီဒယ်လ်ရာမို့စ်အား  အထူးသံတမန်အဖြစ် စေလွှတ်ရန် စီစဉ်နေသည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောကြားသည်။

တောင်တရုတ်ပင်လယ်နယ်မြေအများစုကို ပိုင်ဆိုင်သည်ဟု တရုတ်အစိုးရ၏ ပြောကြားချက်မှာ အထောက်အထားမရှိ၍ တရုတ်တို့မပိုင်ဆိုင်ကြောင်း နိုင်ငံတကာခုံရုံးက ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်အခါတွင် ပေကျင်းအစိုးရနှင့်ဆွေးနွေးရန် ယခင်ခေါင်းဆောင်ဟောင်း ရာမို့စ်အား တရုတ်သို့ သွားရောက်စေ့စပ်ဆွေးနွေးရန် အကူအညီတောင်းခံထားသည်ဟု  ဖိလစ်ပိုင်သမ္မတဒူတာတေးက ပြောသည်။ သို့သော် မည်သည့်အချိန်တွင်စေလွှတ်သွားမည်ကိုမူ ပြောဆိုခဲ့ခြင်းမရှိပေ။

“ စစ်ပွဲလား၊ ဒါကို မရွေးချယ်ကောင်းပါဘူး၊ တစ်ခြားဘက်က ပြောင်းစဉ်းစားကြရမယ်လေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ရမှာပေါ့၊ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော် တတ်သိသူတော်တော်များများနဲ့ ဆွေးနွေးခဲ့ပါတယ်၊ သမ္မတဟောင်း ရာမို့စ်အပါအဝင်ပေါ့၊ ဒါကြောင့် သူ့ကို သွားပြီး တရုတ်နဲ့ဆွေးနွေးပေးပါလို့ ကျွန်တော်တလေးတစား အကူအညီတောင်းထားပါတယ်” ဟု ဖိလစ်ပိုင် သမ္မတ ဒူတာတေးက ပြောသည်။

၁၉၉၂ ခုနှစ်မှ ၁၉၉၈ ခုနှစ်ထိ ဖိလစ်ပိုင်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သော ရာမို့စ်သည် တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးများကို ဖော်ဆောင်ထားနိုင်ခဲ့သူဖြစ်သည်။ သို့သော် ယခုအချိန်တွင် အသက် ၈၈ နှစ်ရှိနေပြီဖြစ်သော ရာမို့စ်က ၎င်း၏ အသက်အရွယ်နှင့် အခြားကျန်းမာရေးအခြေအနေတို့ကြောင့် သမ္မတ၏ တောင်းဆိုချက်ကို လက်သင့်ခံသင့် မခံသင့် စဉ်းစားနေသည်ဟု ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly