မြွေထောင်ပေါင်းများစွာကို ကယ်တင်နေတဲ့ အိန္ဒိယသား မြွေဂုရု

မြွေထောင်ပေါင်းများစွာကို ကယ်တင်နေတဲ့ အိန္ဒိယသား မြွေဂုရု
(ဓာတ်ပုံ - အီးပီအေ)

တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး စည်းရုံးလှုံ့ဆော်သူ မိုဟာမက် ဆာလင်ဟာ အိန္ဒိယနိုင်ငံ အလယ်ပိုင်းပြည်နယ် Madhya Pradesh ရှိ အသတ်ခံရမယ့် မြွှေထောင်ပေါင်းများစွာကို ကယ်တင်နေခဲ့သူဖြစ်တယ်လို့ ဇီဝမျိုးစုံ၊ မျိုးကွဲဘုတ်အဖွဲ့က ဆိုပါတယ်။

"မြွေတိုင်းက သေစေနိုင်တယ်လို့ လူအတော်များများက မြင်တယ်။ မြွေအားလုံး အဆိပ်ရှိတယ်လို့ ထင်ပြီး မြွေကိုက်ခဲ့ရပြီဆိုရင် သေမယ်လို့ ထင်တယ်"လို့ အသက် (၅၂) နှစ်အရွယ် ဆာလင်က ပြောပါတယ်။

ဆာလင်ဟာ ဘယ်မြွေမျိုးစိတ်တွေက အဆိပ်ရှိပြီး ဘယ်မြွေမျိုးက အဆိပ်မရှိဘူးဆိုတာရယ်၊ မြွေတွေကို သတ်ဖြတ်မှု မလုပ်ဘဲ ဘေးကင်းလုံခြုံအောင်နေပြီး ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ကျောင်းတွေနဲ့ ရပ်ကွက်တွေမှာ အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်ပြီး သင်ကြားပေးနေပါတယ်။

"မြွေတွေနဲ့ ကျနော်က စိတ်ချင်းဆက်နေသလို ခံစားရတယ်"လို့ ဆာလင်က ပြန်ရှင်းပြပါတယ်။

သူဟာ (၁၂) အရွယ်မှာကတည်းက လူနေထိုင်ရာ ရပ်ကွက်ထဲမှာ မြွေတွေကို တွေ့ပြီဆိုရင် ဖမ်းပြီး ဘိုပါးမြို့နဲ့ ကီလိုမီတာ (၂၁၀) အကွာလောက်ရှိ Pachmari တောထဲဆီ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဆာလင်ဟာ မြွေတွေကို ဘယ်လိုဖမ်းရန်မလဲ၊ ဂရုစိုက်ရမလဲ၊ ဘယ်လိုနည်းနာတွေ လိုက်နာရမလဲဆိုတာကို သစ်တောဦးစီးဌာနမှာ အလုပ်လုပ်နေတဲ့ သူ့ဦးလေးဆီကနေ သင်ယူခဲ့သူဖြစ်ပါတယ်။ ဆာလင်က သူရဲ့ ဝန်ဆောင်မှုအတွက် အခမဲ့ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

(ဗီဒီယို - အီးပီအေ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly