မဟာချိုင် တူနာငါးသေတ္တာစက်ရုံတွင် လုပ်အားခတောင်းဆိုသည့် မြန်မာလုပ်သား ၁၀၀နီးပါး မောင်းထုတ်ခံရ

မဟာချိုင် တူနာငါးသေတ္တာစက်ရုံတွင် လုပ်အားခတောင်းဆိုသည့် မြန်မာလုပ်သား ၁၀၀နီးပါး မောင်းထုတ်ခံရ
(ဓာတ်ပုံ-Ye Min facebook)

ချင်းမိုင်၊ ဇူလိုင် ၁၄ ။            ။ ထိုင်းနိုင်ငံ စမွန်စာခွန်ခရိုင် မဟာချိုင် ဝဘ်ကန်ရပ်ကွက်ရှိ TUNA ငါးသေတ္တာစက်ရုံမှ လုပ်အားခတောင်းဆိုသည့် မြန်မာအလုပ်သမား ၁၀၀နီးပါးကို အလုပ်ရှင်က အလုပ်ဖြုတ်ကာ မောင်းထုတ်ခံခဲ့ရသည်ဟု မြန်မာသံရုံးအလုပ်သမားဦးစီးစောင့်ရှောက်ရေးကော်မတီ (AAC)အဖွဲ့မှ ဦးရဲမင်းက မဇ္ဈိမကို ပြောသည်။

ဇူလိုင်လ ၁၃ ရက်က မြန်မာရွှေ့ပြောင်းအလုပ်မသား ၁၀၀ နီးပါးသည် ၎င်းတို့၏ ၄၅ ရက်စာ လုပ်အားခ ရရှိဖို့ တောင်းဆိုသည်ကို ၁၅ ရက်စာသာ ပေးကာ စက်ရုံမှ မောင်းထုတ်ခံနေရခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

“အလုပ်သမား ၁၀၀ နီးပါးက အလုပ်လည်း ဖြုတ်ခံရတယ်။ အလုပ်ရုံထဲက တိုက်ခန်းတွေမှာပဲ နေရတဲ့အတွက် အလုပ်ရုံကနေလည်း မောင်းထုတ်ခံရတာပေါ့။ အလုပ်လည်းဖြုတ်၊ နေထိုင်ဖို့အတွက် မောင်းထုတ်ခံရတာဖြစ်တယ်”ဟု ဦးရဲမင်းက ပြောသည်။

၎င်းက ဆက်လက်ပြီး “မောင်းထုတ်တာက မနေ့ကကတည်းကပါ။ မိုးတွေရွာတော့ ပြောင်းရွှေ့လို့မရဘူး။ ဒီမနက်မှာတော့ အားလုံး ပြောင်းရွှေ့တော့ အလုပ်ရုံကလည်း တံခါးတွေ ပိတ်လိုက်တော့ ကျနော်တို့က ကားတွေ စီစဉ်ပေးပြီးတော့ နေရာသွားချပေးတာပေါ့”ဟု သူက ပြောသည်။

ဇူလိုင်လ ၁၃ ရက် ညတွင် အလုပ်ရှင်က မြန်မာအလုပ်သမားများကို မောင်းထုတ်ခဲ့သော်လည်း မိုးရွာနေသဖြင့် ၁၄ရက် နံနက်မှ အလုပ်ရုံမှ ထွက်ခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများမှာ သွားစရာနေရာမရှိသဖြင့် မြန်မာအလုပ်သမားများ ၅၀ ကျော်ကို ထိုင်းဘုန်းကြီးကျောင်းတစ်ကျောင်း၌ နေရာချထားပေးပြီး တစ်ချို့မှာ မိမိတို့ အမျိုးများထံသို့ ခိုလှုံနေပြီး ကျန်အလုပ်သမားများမှာ မြန်မာသံရုံး အလုပ်သမားဦးစီးစောင့်ရှောက်ရေးကော်မတီ(AAC) ရုံးတွင် နေရာချပေးထားသည်ဟု သူက ပြောသည်။

အလုပ်ရှင်က ရက်ပေါင်း ၃၀ အတွက် လုပ်အားခကို လာမည့် ဇူလိုင်လ ၂၁ ရက်တွင် ထပ်မံ ရှင်းပေးမည်ဟု ပြောဆို ထားသဖြင့် အလုပ်သမားများ လုပ်အားခ အပြည့်ရရှိရန်အတွက် ဆက်လက် တောင်းဆိုပေးသွားမည် ဖြစ်ကြာင်း သူက ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများ အလုပ်ဖြုတ်ခံရ၍ မောင်းထုတ်ခံရမှုနှင့် ပတ်သက်၍ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ အကြောင်းကြားထားသဖြင့် မြန်မာသံအရာရှိများနှင့် ဘန်ကောက်မြို့မှ ဆင်းလာနေပြီ ဖြစ်ပြီး ထိုင်းအလုပ်သမားမျာ အရာရှိများလည်း ခေါ်ယူထားသည်ဟု ဦးရဲမင်းက ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀ နီးပါးနှင့်အတူ ကမ္ဘာဒီးယား ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော်လည်း အလုပ်ဖြုတ်ခံရမှုတွင် ပါဝင်ကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် ဇွန်လကုန်မှ ဇူလိုင်လအတွင်း ထိုင်နိုင်ငံ ဘန်ကောက် အပါအဝင် တခြားမြို့နယ်အများအပြားတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ ကျော်ရှိနေသည်ဟု သူက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အတွင်း အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိ လာစဉ် ထိုင်းနိုင်ရောက် မြန်မာအလုပ်သမားများကို ဥပဒေအရ အကာအကွယ်ပေးရန် ထိုင်းအစိုးရနှင့် ဆွေးနွေးကာ သဘောတူခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့များတွင် တရားဝင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ရာနှင့်ချီ အလုပ်ဖြုတ်ခံရမှုများ ရှိနေပြီး မြန်မာနိုင်ငံသို့ အတင်းအဓမ္မ ပြန်ပို့ခံရမှုများ ရှိခဲ့သည်။ ထို့ပြင် ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုရှိလာသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly