မိုင်ဂျာယန်တွင် လုပ်မည့် တိုင်းရင်းသားလက်နက်ကိုင် အစည်းအဝေးသို့ မီဒီယာများကို ဖိတ်ရန်အစီစဉ်ရှိ

မိုင်ဂျာယန်တွင် လုပ်မည့် တိုင်းရင်းသားလက်နက်ကိုင် အစည်းအဝေးသို့ မီဒီယာများကို ဖိတ်ရန်အစီစဉ်ရှိ
ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးအတွက် ပြင်ဆင်ရန် ကျင်းပရေးကော်မတီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၁၃ ရက်က အစည်းအဝေး ပြုလုပ်နေသည်။ ဓာတ်ပုံ-ဖနိဒါ

ချင်းမိုင်၊ ဇူလိုင် ၁၄ ။               ။ ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးသို့ သတင်းမီဒီယာများအား ဖိတ်ကြားရန် အစီစဉ်ရှိပြီး မီဒီယာများအနေဖြင့် ခိုင်လုံသည့် သက်သေအ ထောက်အထားပြရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မျက်နှာစုံညီ အစည်းအဝေးကျင်းပရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၁၃ ရက်က ပြုလုပ်၍ သဘောထားချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ သတင်းမီဒီယာတွေကို ဖိတ်ဖို့တော့ သဘောထားရှိပါတယ်။ ဒါပေမဲ့  ခရီး သွားလာမှု ကိစ္စကြတော့ ဆက်လက်ပြီးတော့ ဆွေးနွေးသွားဖို့ ရှိတယ်။ အသေးစိတ်တော့ ကျနော်တို့ မဆွေးနွေးဖြစ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သတင်းဌာနတွေက အများကြီး ရှိနေတော့ ဘယ်လို ကျနော်တို့ သတ်မှတ်မလဲ၊ ဘယ်အတိုင်းအတာ လူဦးရေ ဘယ်လောက်၊ သတင်းဌာနဘယ်နှစ်ခု ကျနော်တို့ အသေးစိတ်နောက်ပိုင်းမှ ဆွေးနွေးသွားမှာပါ။ အခုကတော့ ဖိတ်မဲ့ သဘောထားတော့ ရှိပါတယ်”ဟု အစည်းအဝေး ကျင်းပရေးကော်မတီ၏ ဒုတိယဥက္ကဌ(၁) ပဒိုကွယ်ထူးဝင်းက ပြောသည်။

အစည်းအဝေးတွင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုတွင် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု ဆိုင်ရာကိစ္စ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စ၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ နိုင်ငံရေး မူဘောင် ကိစ္စနှင့် ၂၁ ရာစုပင်လုံ ဆိုသည့် စကားရပ် အပေါ် ဆွေးနွေးခဲ့ပြီး အလုပ်အဖွဲ့များကို ဆွေးနွေးညှိနှိုင်းထားသည်ဟုလည်း ၎င်းက ပြောသည်။

“နေရာက အရင်တုန်းကလို လိုင်ဇာ မဟုတ်ဘူးလေ။ သွားရေးလာရေး အနေအထားက ပြောင်းလဲလာတဲ့ အပေါ်မှာ ကျနော်တို့ စိစစ်ပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်။ ဆိုလိုတာက တချို့သတင်းဌာနတွေက သူတို့ရဲ့ သတင်းဌာနရှိတဲ့ ဌာနဆိုင်ရာ တာဝန်ခံကနေပြီးတော့ ထေက်ခံလို့ဘဲ ဖြစ်ဖြစ်၊ သက်သေအထောက်အထား ရှိလို့ရှိရင်တော့ ကျနော်တို့ လက်ခံတာ ပိုပြီး လွယ်ကူတာပေါ့။ အခက်အခဲ မရှိဘူး။ နို့မို့လို့ရှိရင် သတင်းထောက်လည်း ဘယ်သတင်းထောက်ဆိုတာ ခွဲခြားမှု အခက်အခဲ ရှိနေတဲ့အတွက် ဒီလို ထောက်ခံစာဘဲဖြစ်ဖြစ်၊ အသိအမှတ်ပြုမှု အဖွဲ့အစည်း ဆိုင်ရာကနေ ပါလာဖို့အတွက် လိုအပ်တယ်”ဟု သူက ပြောသည်။

မိုင်ဂျာယန်တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး တွင် မကြာမီ ကျင်းပမည့် ၂၁ ရာစုပင်လုံ ညီလာခံအတွက် ပြင်ဆင်ခြင်း၊ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုနှင့် ပတ် သက် ၍ အခြေခံ ဘုံသဘောတူညီချက် ရယူရန် ကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။

ထိုမျက်နှာစုံညီ အစည်းအဝေး ကျင်းပရေးကော်မတီတွင် ဥက္ကဌ အဖြစ် DPNခေါင်းဆောင် ခူဦးရယ်၊ ဒုဥက္ကဌ(၁) ကရင် အမျိုးသား အစည်းအရုံး(KNU)မှ ပဒိုကွယ်ထူးဝင်းနှင့် ဒုဥက္ကဌ(၂)အဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)မှ ဗိုလ်ချုပ် ဂွမ်မော်တို့က တာဝန်ယူထားပြီးအတွင်းရေးမှူးများမှာ RCSS/SSAမှ ဗိုလ်မှူးကြီး စိုင်းလ၊ တွဲဘက် အတွင်း ရေးမှူးအဖြစ် မွန်ပြည်တစ်ပါတီမှ နိုင်ရွှေသိန်းတို့က တာဝန်ယူထားခြင်း ဖြစ်သည်။

ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်ထိ သုံးရက်ကြာ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ မျက်နှာစုံညီ အစည်းအဝေးတွင် ပြည်တွင်းမှ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA)၊ ညီနောင်တိုင်းရင်းသားများ ဖက်ဒရယ်ရေးရှင်း(NBF)နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)- WLBတို့ကို တစ်ဖွဲ့လျှင် ကိုယ်စားလှယ် ၅ ဦး တက်ရောက်ရန် ဖိတ်ခေါ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly