ပြင်သစ်နောက်ခံလူ အမ်တစ်တီကို ဘာစီလိုနာအသင်းခေါ်ယူ

ပြင်သစ်နောက်ခံလူ အမ်တစ်တီကို ဘာစီလိုနာအသင်းခေါ်ယူ

ဇူလိုင် ၁၃၊ စပိန် ။               ။  လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းသည် လိုင်ယွန်အသင်းမှ ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမား ဆင်မြူရယ်အမ်တစ်တီကို ပြောင်းရွှေ့ကြေး ပေါင် ၂၁ သန်းဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။

အမ်တစ်တီသည် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ပြင်သစ်အသင်းအတွက် ခြေစွမ်းပြကစားပေးနိုင်ခဲ့သူဖြစ်သည်။ ပြိုင်ပွဲစတင်ချိန်က ပထမကစားသမားနေရာမရသော်လည်း ရီမီ မပါဝင်နိုင်သည့်အချိန်တွင်   ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲအထိ ပွဲထွက်ကစားခွင့်ရခဲ့သူ ဖြစ်သည်။

အမ်တစ်တီသည် ကြာသပတေးနေ့တွင် ဘာစီလိုနာအသင်းသို့ ရောက်ရှိလာမည်ဖြစ်ပြီး အသင်းဂျာစီဖြင့် ဓာတ်ပုံရိုက်ကူးမှုများ ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် သောကြာနေ့တွင် ဆေးစစ်မှုပြုလုပ်ပြီး စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။ ဘာစီလိုနာအသင်းသည် အမ်တစ်တီ၏စာချုပ်တွင် လျော်ကြေးငွေ ပေါင်သန်း ၅၀ ထည့်သွင်းချုပ်ဆိုမည် ဖြစ်သည်။

အမ်တစ်တီသည် လိုင်ယွန်အသင်းတွင် ငါးနှစ်ကြာ ကစားခဲ့ပြီး ပွဲပေါင်း ၁၇၀ ကစားပေးခဲ့သူ ဖြစ်သည်။ ဗီလာရီးယဲလ်ကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်ပြီးနောက် အမ်တစ်တီသည် ဘာစီလိုနာအသင်း၏ ယခုနှစ်အတွက် ဒုတိယမြောက် ခေါ်ယူမှု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly