သေနတ်ပြ ဓားပြတိုက်တာကို အဖတ်မလုပ်တဲ့ ဆိုင်ရှင်ကြောင့် ဓားပြဖြစ်သူ ငုတ်တုတ်မေ့

သေနတ်ပြ ဓားပြတိုက်တာကို အဖတ်မလုပ်တဲ့ ဆိုင်ရှင်ကြောင့် ဓားပြဖြစ်သူ ငုတ်တုတ်မေ့

ဝယ်လင်တန်၊ ဇူလိုင် ၁၃ ။                  ။ ပစ္စတိုသေနတ်တစ်လက်နဲ့ လာဓားပြတိုက်သူကို လုံးလုံးဂရုမစိုက်ဘဲ ဖောက်သည်များကို ဈေးရောင်းမပျက်တဲ့ နယူးဇီလန်နိုင်ငံက အသားစင်းကောရောင်းတဲ့ ဆိုင်ရှင်တစ်ဦးက ဒီဖြစ်ရပ် စီစီတီဗီဗီဒီယို ပျံ့နှံ့သွားပြီးနောက်မှာတော့ သူရဲကောင်းတစ်ဦးလို ချီးကျုးခံနေရပါတယ်။ ဆိုင်ရှင်ဖြစ်သူကိုယ်တိုင်ကတော့ သူဟာ သူရဲကောင်းမဟုတ်ရပါကြောင်း အသည်းအသန် ပြန်ငြင်းရှာပါတယ်။

သူရဲကောင်းဖြစ်နေတဲ့ ဆိုင်ရှင်ဆိုသူက အီဂျစ်ကနေ နယူးဇီလန်ကို ပြောင်းရွှေ့နေထိုင်သူ ခရစ်ချက်မြို့က အသားစင်းကောအရောင်းဆိုင်ပိုင်ရှင် ဆက်အာမတ်ဆိုသူ အီဂျစ်အမျိုးသားတစ်ဦးပါ။   ခေါင်းစွပ်အကျီနဲ့ မျက်နှာဖုံးတပ်ထားတဲ့ ဓားပြက သေနတ်ပြ ဓားပြတိုက်ခံရချိန် ပရိယာယ်သုံး လှည့်ပတ်မှ ဖြစ်မယ်လို့ အတွေးဝင်ကြောင်း အာမတ်က ပြောပါတယ်။

အရောင်းကောင်တာမှာ သေနတ်ပြခြိမ်းခြောက်နေတဲ့ ဓားပြဖြစ်သူရဲ့ ကျောပိုးအိတ်ထဲ ခိုင်းသလို ပိုက်ဆံထည့်ပေးရမယ့်အစား အာမတ်က ကိုယ့်အလုပ်ကို ဆက်လုပ်နေတာပါ။   ရောင်းရမယ့်ပစ္စည်းကို ပြင်ဆင်ထုပ်ပိုးပြီး ဓားပြတိုက်နေတာကို မသိတဲ့ ဖောက်သည်တစ်ဦးကို လှမ်းရောင်းလိုက်ပါသေးတယ်။ ဈေးဝယ်သူလည်း ပစ္စည်းလှမ်းယူမှ ဓားပြတိုက်နေကြောင်းသိပြီး ကြောက်ကြောက်နဲ့ ခပ်သုတ်သုတ် ပြန်ထွက်သွားတာပါ။

ဒီနောက်မှာ အာမတ်က ဆိုင်နောက်ဖက် မီးဖိုချောင်ထဲ ဝင်သွားပါတယ်။ ဓားပြလည်း ဘာဆက်လုပ်ရမှန်း မသိတဲ့ပုံနဲ့ ငေါင်ပြီး ရပ်ကျန်နေခဲ့တယ်။ နောက်တော့ သူ့အိတ်သူဆွဲပြီး ထွက်သွားတော့တာပဲဖြစ်ပါတယ်။

ဒီဓားပြမှုကြီးကတော့ မေ ၂၈ ရက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲဌာနက စီစီတီဗီကို အွန်လိုင်းတင်ပေးခဲ့ရာမှာ ကြည့်ရှုသူပေါင်း တစ်သိန်းခွဲနီးပါး ရှိခဲ့ပါတယ်။ "သွေးအေးလွန်းတဲ့ ဆိုင်ရှင်တစ်ဦးပါ"ဆိုပြီး အာမတ်ကို မှတ်ချက်ဝိုင်းပေးကြပါတယ်။

ဓားပြက ပိုက်ဆံပေးဖို့ တောင်းကြောင်း၊ ဒါပေမယ့် ဈေးဆက်ရောင်းနေလိုက်မယ်၊ ဓားပြကို ရှိတယ်တောင်မထင်တဲ့ ပုံစံမျိုး တုံ့ပြန်လိုက်မယ်လို့ တွေးမိတာဖြစ်ကြောင်း အာမတ်က ပြောပါတယ်။

"သူကို ကျွန်တော် ကြောက်စိတ်မဝင်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော် တုံ့ပြန်မှုကို ကြည့်ပြီး သူ အံ့သြနေတယ်။ ကျွန်တော်အတွက် သေချာတာက သူတကယ် ပစ်မှာမဟုတ်ဘူးဆိုတာ ကောင်းကောင်းသိတယ်။ သူက ဓားပြတိုက်ဖို့ပဲလာတာ။ လူသတ်မှုအထိ ကျုးလွန်မှာ မဟုတ်ဘူးဆိုတာ။"ဟု အာမတ်က Fairfax New Zealand သတင်းဌာနကို ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က နယူးဇီလန်ကို ပြောင်းရွှေ့နေထိုင်လာတဲ့ အာမတ်က ဈေးဆိုင်ဖွင့်ရောင်းတဲ့ ဆယ့်ငါးနှစ်အတွင်းမှာ ခုလို ဓားပြတိုက်ခံရတာ ပထမဆုံးဖြစ်ကြောင်း ပြောပါတယ်။

"သူက ဓားပြတိုက်လာတိုက်ပေမယ့် ကျွန်တော်အတွက် ကြောက်စိတ်မဝင်ခဲ့တာ အရှင်တော်မြတ်ကို ကျေးဇူးတင်ရပါတယ်။"လို့လည်း အာမတ်က ဆိုပြန်ပါတယ်။ အသက် ၅၅ နှစ်အရွယ် အာမတ်က ခုဆိုရင် ဆိုင်ကို စောစောပိတ်ပါတော့တယ်။ သူရဲ့ကလေးတွေကိုလည်း သတ္တိလေးတွေရှိကြဖို့ သွန်သင်သလို စက္ကန့်ပိုင်းအတွင်း လူ့ဘဝဆိုတာ ပြောင်းလဲသွားနိုင်ကြောင်းလည်း ပြောပြထားပါတယ်။

ရဲတွေကတော့ သေနတ်သမား ဓားပြဖြစ်သူကို ဖော်ထုတ်နေဆဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly