ရက် ၁၀၀ မြင်တွေ့မိသမျှ

ရက် ၁၀၀ မြင်တွေ့မိသမျှ

မီဒီယာတွေ ခဏခဏမေးကျတော့ ရက်တရာအပေါ်မြင်တွေ့မိသမျှပြောဘို့ဖြစ်လာပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကို လိုလားသူနိုင်ငံသားတယောက်ရဲ့ စိတ်ထဲရှိတဲ့အတိုင်း အမြင်သဘောထားပေါ့၊ မှားတာမှန်တာ သဘောတူတာ မတူတာတွေရှိကြမှာဘဲပေါ့။

ရက်တရာနဲ့ နှစ်ငါးဆယ် အဖတ်ဆယ်မရတာ၊ နတ်ရေကန်ထဲချသလို ဥုံဖွဟချလောင်း လုပ်လို့မရဘူးဆိုတာရှင်းပါတယ်။ သို့သော် ရွေးကောက်ခံတက်လာတဲ့ အစိုးရသစ်တိုင်း ဟာ နိုင်ငံကို ဦးဆောင်မှုပေးနိုင်တယ် ဆိုတာ ဒီကာလ အတွင်းမှာ သက်သေပြကြတာပါ။ ပြည်သူရဲ့ ထောက်ခံမှု ကို ဆက်လက်အောင်ပွဲခံ လက်ဆင့်ကမ်းသယ်ဆောင်တာ၊ နိုင်ငံရေးအရ စိတ်ခွန်အားမြှင့်တင်ပေးတာ လို့ မှတ်ယူရင် ရက်တရာ အတွင်းဆောင်ရွက်ချက်ဟာ အရေးကြီးပါတယ်။

နိုင်ငံကိုဦးဆောင်မှု ပေးနိုင်စွမ်းရှိတယ်ဆိုတာ ဘယ်လိုသက်သေပြမလဲ လို့မေးရင်တော့ အစိုးရသစ်ဟာ ပြဿနာပေါင်း မြောက်များစွာ အတွင်းက ဘယ်ဟာက အချက်အချာကျတယ်။ ဘယ်လိုကိုင်တွယ်ရှင်းလင်းမယ် ဆိုတာကို ကွက်ကွက်ကင်းကင်း သရုပ်ပြ ခြင်းဖြင့် သက်သေပြခြင်းဘဲဖြစ်တယ်လို့ ဆိုချင်ပါတယ်။

အဓိကပြဿနာကို သိချင်းဟာလဲ နိုင်ငံကိစ္စရယ်နယ်ပယ်အသီးသီးကို ကျွမ်းကျင်လိမ္မာစွာ နှံနှံစပ်စပ် သိပြီး အဓိက နဲ့ သာမည ကို ခွဲခြားစိတ်ဖြာ လေ့လာသုံးသပ်နိုင်ခြင်း နဲ့ မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်ကြံဆနိုင်ခြင်း တို့ နဲ့သက်ဆိုင်ပါတယ်။

ကိုင်တွယ်ဖြေရှင်း ခြင်းလို့ ဆိုတာက တော့ စီမံခန့်ခွဲ နိုင်ခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများအပေါ်မှာ အုပ်ချုပ်ရေးသြဇာ၊ အာဏာ သက်ရောက်နိုင်ခြင်း၊ နဲ့ team work လို့ခေါ်တဲ့ စုပေါ်င်းဦးဆောင်၊ စုပေါင်းတာဝန်ယူ လုပ်ဆောင်နိုင်ခြင်း တို့နဲ့ သက်ဆိုင်တယ်လို့ ဆိုရမှာဖြစ်တယ်။

ကိုင်တွယ်ဖြေရှင်းရာမှာ နှစ်ပိုင်းထပ်ခွဲဖို့လိုမယ်။ တစ်ပိုင်းက နှစ်ငါးဆယ်ကောျ်ဖျားနာနေတဲ့ လူမမာကို ဖျားနာသက်သာအောင်၊ ဆက်ပြီး မဆိုးအောင်၊ ပျောက်ကင်းသွားအောင် ကုသခြင်း နဲ့ နောက်တပိုင်းက လူမမာ အားရှိအားပြည့် ပြီးမောင်ဗမာ ဖြစ်သွားအောင် တိုးတက်ကြံဆောင်ခြင်းလို့ ဥပမာပေးခြင်တယ်။ ဖျားနာ အရင်ကုသခြင်း နဲ့ အားရှိသန်စွမ်းအောင် ဆက်လက်လုပ်ဆောင်ခြင်းလို့ပြောရမယ်။ ရက်တရာအတွင်းမှာနာတာရှည်မို့ အဖျားမပျောက်တောင် အဖျားကျသွားအောင် ကုနိုင်ရင်တော့ အစိုးရသစ်ဟာ ဦးဆောင်နိုင်မှု ကို ပြသတာလို့ ဆိုရမယ်။ ဒီလိုဆို နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး အရေးကြီးတဲ့ ကဏ္ဍမှာ အစိုးရသစ်ရဲ့ ဆောင်ရွက်တာတွေ့လေ့လာကြည့်ရအောင်။

နိုင်ငံရေးမှာတော့ အောက်ပါအချက်တွေကို သုံးသပ်ခြင်းဖြင့် အစိုးရသစ်ဟာ နိုင်ငံရေးဦးဆောင်မှုပေးစွမ်းနိုင်တဲ့ အနေအထားလို့ မြင်မိပါတယ်။

၁။ နိုင်ငံရေးအကျဉ်းအသားတွေကို အာဏာခွဲဝေမှု အကျပ်အတည်းတွေကြားထဲက ကို တတ်နိုင်သမျှ၊ ရနိုင်သလောက် လွှတ်ပေးနိုင်ခဲ့ခြင်း

၂။ လူထုကို ဖိနှိပ်တဲ့ ဥပဒေတွေကို ဖျက်သိမ်းပြစ်နိုင်ခြင်း

၃။ အမြင်အမျိုးမျိုး နဲ့ ဆန့်ကျင်လိုစိတ်တွေရှိနေပေမဲ့ ၂၁ပင်လုံညီလာခံ နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် လမ်းပြခေါ်ဆောင်နိုင်ခြင်း၊ အထူးသဖြင့် NCA လက်မှတ်မထိုးသူတွေ တစနဲ့တစ ပိုမို ပူးပေါင်းလာအောင် ထိတွေ့ဆက်စပ်ပေးနိုင်ခြင်း

၄။ ရိုဟင်ဂျာ အငြင်းပွားဘွယ် အမည်နာမ ကိစ္စမှာ ပြတ်သားတဲ့ သဘောထား နိုင်ငံတကာကို သတိပေးခြင်းနဲ့ အနဲဆုံး ဥရောပ အနေနဲ့ သဘောတူ လက်ခံလာအောင် သိမ်းသွင်းနိုင်ခြင်း၊ အမေရိကန်အနေဖြင့် အစိုးရရဲ့တောင်းဆိုချက်ကို သဘောမတူပေမဲ့ များစွာသတိထားဆင်ခြင်သွားအောင် တွန်းအားပေးနိုင်ခြင်း၊ တနည်းအားဖြင့် ပြဿနာတွေ ဆက်လက်ဖြေရှင်းဘို့ Political Position နိုင်ငံရေးရပ်တည်ချက်တရပ်ကို အခိုင်အမာပြုလိုက်နိုင်ခြင်း

၅။ ပထဝီဝင်နိုင်ငံရေးမှာ လက်ရှိ အထိ မည်သူကိုမှ သိသိသာသာ ဘက်လိုက်ခြင်း မရှိသည်ကို ပြသ နိုင်ပြီး အိမ်နီးခြင်းအင်အားကြီး နိုင်ငံများ နဲ့ အင်အားချိန်ခွင်ညှာကို မတိမ်းစောင်းအောင် သတိထား ကိုင်တွယ်နိုင်ခြင်း၊ အထူးသဖြင့် တရုပ်နိုင်ငံ၏ စိုးရိမ်စိတ် ဖြစ်သော အနောက်နိုင်ငံများမှ တရုပ်ကိုထိန်းချုပ်လိုတဲ့ မူဝါဒ၊ ချည်းကပ်မှု မြန်မာပြည်တွင် မရှိကြောင်း ဖြေသိမ့်သက်သာရာ ရစေခြင်း (ဒဲ့ပြောရရင် အနောက်နိုင်ငံ၊ ဂျပန်တို့ကို နပါးသာယား အတင်းပရောပယီ လုပ်မနေကြောင်း ပြသနိုင်ခြင်း)။ မွတ်စလင်နိုင်ငံများနှင့် ဆက်ဆံရာတွင် အခယာကျသော တူရကီနိုင်ငံနှင့် ကောင်းမွန်သော သံတမာန်ဆက်ဆံရေးလမ်းကြောင်း ကို ထိန်းသိမ်းထားနိုင်ခြင်း

၆။ အရှေ့တောင်အာရှ နိုင်ငံများအကြား ခေါင်းဆောင်မှု အခန်းကဏ္ဍကို ရယူနိုင်ခြင်း၊ နိုင်ငံရေးသြဇာတည်ဆောက်နိုင်ခြင်း

စီးပွားရေး နှင့် ပတ်သက်ရင်တော့ ရက်တရာ ဆောင်ရွက်ချက်ဟာ ကွဲကွဲပြားပြား ရှိမနေဘူးလို့ထင်ပါတယ်။ ဈေးကွက်စီးပွားရေးလို့ပြောရင် မြေ၊ လုပ်သား၊ ငွေကြေး တို့ကို စီမံခန့်ခွဲတာဟာ အရေးပါပါတယ်။ မြေနဲ့ ပတ်သက်ရင် မြေယာလုံခြုံရေး land tenure security ရမှ ရင်းနှီးမြှုပ်နှံမှုဟာ စိတ်ချနိုင်မှာပါ။ မြေယာ သိမ်းဆည်းခြင်း အတွက် ကော်မတီဖွဲ့ ဆောင်ရွက်ပေမဲ့ တိကျပြတ်သားတဲ့ အခြေခံမူ၊ လုပ်ထုံးလုပ်နည်း နဲ့ သတင်းအချက်အလက် တွေ မတွေ့မိသေးဘူး မှတ်တယ်။ ရှိရင်လဲ ရှိမှာပေါ့၊ မြေပြဿနာ ဟာ ချက်ခြင်းရှင်းဘို့ မဖြစ်နိုင်ပေမဲ့ ဘယ်လို ပွင့်လင်းမြင်သာစွာ တာဝန်ခံ၊ တာဝန်ယူရှင်းမလဲ ဆိုတဲ့ ချည်းကပ်မှုဟာ သိပ်အရေးကြီးတယ်လို့ထင်ပါတယ်။ ဒုသမ္မတ အရင်အစိုးရလက်ထက်က ပြန်ပေးဘို့ လုပ်တဲ့ မြေတွေ ပြန်အပ်ပွဲလုပ်နေတာဘဲ သတိပြုမိပါတယ်။

လုပ်သား ဆိုတဲ့ ကိစ္စမှာ ဒေါ်စု ထိုင်းနိုင်ငံခရီးစဉ်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကိစ္စ ပိုမို ပွင့်လင်းမြင်သာစွာ ဥပဒေပါ အခွင့်အရေး တွေ ရရှိနိုင်အောင် လမ်းစပျိုးနိုင်တယ်လို့ယူဆပါတယ်။ ဒါဟာ လုပ်သား ၂ သန်းလောက်အတွက် အကျိုးရှိမဲ့ ကိစ္စပါ။ ဒေါ်စု တွန်းအားပေးမှုအပေါ်မှာ မူတည်ပြီး ထိုင်းနိုင်ငံအတွင်း မြန်မာလုပ်သားတွေ အပေါ် ဒေသဆိုင်ရာ အာဏာပိုင်တွေက ပို ကြပ်သယောင်ယောင် ပြောနေကြပေမဲ့ နိုင်ငံရေး အရ ဆွေးနွေးထားတဲ့ ကိစ္စမို့ အနှေးနဲ့အမြန် ပိုမိုကောင်းမွန်တဲ့ လုပ်သားအခွင့်အရေးတွေ ရရှိလာဘို့ အခြေခံကောင်းတည်ဆောက်နိုင်တယ်လို့ ယူဆပါတယ်။ ဆက်ပြီး သံရုံးက follow up လုပ်ဘို့ဘဲ လိုမှာပါ။

အလုပ်လက်မဲ့ပြဿနာဖြေရှင်းနိုင်ရေးဟာ ရက်တရာအတွင်းမှာ မဖြစ်နိုင်တဲ့ကိစ္စပါ။ သို့သော် Oxford Professor Paul Collier ပြောတဲ့အတိုင်း မူလတန်းသာသာ ရှိတဲ့ ပြည်သူအများအတွက် အလုပ်အကိုင် ဖန်တီး ရေးအတွက် အရေးကြီးတာ က ကျေးလက်နဲ့ မြို့ငယ်လေးတွေမှာ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး စီမံကိန်းတွေကို ဒေသခံ လုပ်ငန်းရှင်တွေကို ဆောက်လုပ်တာဝန်ယူစေခြင်းဟာ အသေးစားနဲ့အလတ်စားလုပ်ငန်းများကို အားပေးရာ ရောက်သလို ဒေသတွင်း ကျေးလက်က ပိုလျှံလုပ်သား rural surplus labor တွေကို ရာသီအလုပ်အကိုင် seasonal employment ဖန်တီးပေးရာရောက်ပါတယ်။ ရက်တရာ အတွင်းမှာ ဒီစီမံကိန်းတွေ အတည်ပြု ပေးနိုင်ခဲ့ရင်တော့ ကောင်းမှာဘဲ လို ထင်မိပေမဲ့ မမြင်တွေ့မိခဲ့ပါဘူး၊

စီးပွားရေးမှာ အရေးပါတဲ့ ငွေကြေးကဏ္ဍပြုပြင်ပြောင်းလဲရေးမှာ အများကြီးမျှော်လင့်ပေမဲ့ ထူးခြားသော အပေါင်းလက္ခဏာပြောင်းလဲတာ မတွေ့ရပါဘူး၊ အဂတိလိုက်မှု တိုက်ဖျက်ရေး၊ ဗဟိုဘဏ်ပြုပြင်ပြောင်းလဲရေးတွေ သတင်းကောင်းကြားချင်ပေမဲ့ မကြားရသေးပါဘူး၊ Mobile money ကို အများကြီးမျှော်လင့်ပေမဲ့လဲ ကြော်ငြာတွေ သာတွေ့ပြီး လက်တွေ့ မမြင်ရသေးပါဘူး၊ တစ်ဆို့နေတာတွေ မဖယ်ရှား နိုင်သေးဘူးထင်ပါတယ်။ အခွန်ကတော့ လူတွေ အသိစိတ်နဲ့ ပိုဆောင်လာတာတွေ တွေ့ရပေမဲ့ အစိုးရ ရဲ့ အထူးဝါယမ စိုက်ထုတ်မှုတော့ မတွေ့ရသလိုဘဲ (ကိုယ်မသိတာလဲ ဖြစ်မှာပါ) ကုမ္ပဏီကြီးတွေ တခုခြင်း ခေါ်ပြီး နိုင်ငံတကာပညာရှင်တွေနဲ့ စစ်နေတယ် ကြားသိရတော့ မှန်ခဲ့ရင်တော့ တော်တော်ကောင်းတဲ့ ဆောင်ရွက်ချက်လို့ပြောရမယ်။ သတင်းထုတ်ပြန်ပေးရင်ကောင်းမှာဘဲ။ စပါးစိုက်တောင်သူ တွေ တဧက တသိန်းခွဲ အမတော်ကြေးပေးမယ်ဆိုတာ သိရပေမဲ့ တကယ်ထုတ်ပေး နိုင်ခြင်း ရှိမရှိတော့ မသိရပါဘူး၊ ပေးနိုင်ခဲ့ရင်တော့ ကျေးလက်နေ ပြည်သူ အများ အကျိုးရှိတယ်ဆိုရမှာပါ။ အမတော်ကြေးတိုးပေးဘို့ ငွေဘီလျံ၅၀၀ ရိုက်ထုတ်ရမယ်ပြောတော့ ငွေလဲလယ်နှုန်းတွေတက်လာတယ သတိထားမိတယ်။ ငွေဖောင်းပွမှုနှုန်းကလဲ ပိုလာတယ်သိရတယ်။ စီးပွားရေးမှာ အားမလို အားမရဖြစ်မိတဲ့ ကိစ္စကတော့ EITI သယံဇာတထုတ်ယူမှု ပွင့်လင်းမြင်သာအောင်ဆောင်ရွက်တဲ့ လုပ်ငန်းစဉ် ရှေ့မတိုးနိုင်တုံ့ဆိုင်းသွားတာပါ။ EITI အတိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလဲ သူတို့ထိန်းချုပ်ရာဒေသတွေမှာ သယံဇာတထုတ်ယူမှုတွေကို ပွင့်လင်းမြင်သာအောင်ဆောင်ရွက်ပါမယ်လို့ NCA အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်မှာ စည်းကမ်းချက်အနေနဲ့ ထုတ်ပြန်ထားတော့ EITI ကိစ္စဟာ ဘဏ္ဍာအခွန်ကိစ္စတွင်သာမက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပါ ပတ်သက်ဆက်စပ်နေတော့ ဒီလုပ်ငန်းစဉ် ရပ်တန့်သွားတာဟာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။

ပြည်ပကုန်သွယ်ရေး နဲ့ နယ်စပ်ကုန်သွယ်ရေး ကတော့ ကိန်းဂဏန်းတွေကြည့်မှ တိတိကျကျပြောရမယ်။ အပြင်မှာတော့ အရောင်းအဝယ်ကျတယ်လို့ ပြောနေပေမဲ့ မှန်မမှန် မဝေခွဲတတ်ပါ။ သတိပြုမိတာ ကတော့ တရုပ် ကို နယ်စပ်ကနေတဆင့် သကြားတင်ပို့မှု မြင့်လာတာတွေ သတိပြုမိတယ်။ ကုန်စည် တင်ပို့သယ်ဆောင်ရှင်းလင်းရေး ဆိပ်ကမ်းမှာ၊ နယ်စပ်ကုန်သွယ်ရေးမှာ တစ်ဆို့တာတွေကြားမိပေမဲ့ ခုကြည့်ရတာ ရှင်းထုတ်လိုက်နိုင်ပုံရပါတယ်။ ဒါဆိုရင်တော့ ရက်တရာ အတွင်း ကုန်စည်စီးဆင်းမှု သိသာသော ဆောင်ရွက် ချက်လို့ ဆိုရမှာ ဖြစ်တယ်။

လူမှုရေးမှာတော့ အယ်လ်နီညိုပူပြင်းခြောက်သွေ့ ရေရှားပါးမှုဒဏ်ကို အကောင်းဆုံးဖြေရှင်းလိုက်နိုင်တယ်လို့ ယူဆပါတယ်။ ကျေးလက်ဖွံ့ဖြိုးရေးဌာန ကတဆင့် ရေအကူအညီပေးခဲ့တာတွေ အသိအမှတ်ပြု ရမှာဖြစ်သလို စေတနာရှင်တွေ၊ အရပ်ဖက်လူ့အဖွဲ့စည်းတွေ၊ တသီးပုဂ္ဂလိကတွေ ဆောင်ရွက်ပေးမှုကြောင့် နဲ့ မိုးပုံမှန်ရွာသွန်းလာလို့ ဆိုးဆိုးဝါးဝါးတွေ မဖြစ်ခဲ့ပါ၊ အဆိုးကို ရှောင်နိုင်ခဲ့ပါတယ်။
ပညာရေးမှာတော့ ယခင်အတိုင်း ကျောင်းနေခလေးတွေထောက်ပံပေးခဲ့ သလို ထူးခြားတာက တော့ ကျောင်းဝတ်စုံ ပံပိုးခြင်းတွေ ပိုလာတယ်လို့ထင်ပါတယ်။ ကျောင်းဝတ်စုံ အရည်အသွေးရယ်၊ အရွယ်အစားတွေနဲ့ပတ်သက်လို့ မကျေနပ်ချက်တွေ ကြားသိရပေမဲ့ တနိုင်ငံလုံးက ခလေးတွေ ကျောင်းဝတ်စုံ ရတဲ့ကိစ္စဟာ ထင်ရှားတဲ့ ဆောင်ရွက်ချက်လို့ယူဆပါတယ်။ မြို့ကျောင်းနေ ခလေးတွေ အတွက် ဒါဟာ သိပ်မထူးခြားသလို ဖြစ်ပေမဲ့ ကျေးလက်နေ ကျောင်းသားခလေးငယ်တွေ အတွက်ကတော့ အရေးပါပါတယ်။ မီဒီယာသမားတွေ ဆင်းသာ အင်တာဗျူးကြည့် ဖို့ လိုပါလိမ့်မယ်။
ကျမ္မာရေးမှာတော့ ထူးခြားထင်ရှားတာ သတိမပြုမိပါ။ သိသူများရှိလဲ ပြောနိုင်ပါတယ်။ social protection လို့ပြောတဲ့ လူမှုလုံခြုံကာကွယ်ရေးမှာ စစ်ဘေးတိမ်းရှောင်ပြည်သူတွေ အတွက် ပိုကောင်းမွန်တဲ့ ဆောင်ရွက်ချက်တွေများရှိလာမလား လို့မျှော်လင့်ပေမဲ့ သိပ်မထူးခြားဘူးလို့ထင်ပါတယ်။

ပတ်ဝန်းကျင်ရေးရာ နဲ့ပတ်သက်ရင်တော့ အပြုသဘောဆောင်ရွက်ချက်တွေရှိတယ်လို့ သုံးသပ်ပါတယ်။ သစ်ဆက်ထုတ်မထုတ် ဆိုတဲ့ ခက်ခဲတဲ့ပုစ္ဆာကို အဖြေထုတ်ဘို့ ကျိုးစားတာဟာ သတ္တိရှိတဲ့ ဆောင်ရွက်ချက်ဖြစ်သလို တရားမဝင်ဖမ်းဆီးရမိတဲ့ သစ်တွေကို တဘက်လှည့်နဲ့ တရားဝင်လုပ် နိုင်ငံခြားတင်ပို့နိုင်ဖို့ လမ်းဖွင့်ထားတယ်လို့ စွတ်စွဲခံရတဲ့ ပုံစံ (၈) သစ်ကို နိုင်ငံခြားတင်ပို့ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေငြာတာဟာ ပြောင်မြောက်တဲ့ ပြုပြင်ပြောင်းလဲရေး လို့ယူဆနိုင်ပါတယ်။ ရှုပ်ထွေးလှတဲ့ ဖားကန့်ကျောက်စိမ်း သတ္တုတူးလုပ်ငန်းစဉ်တွေကို လိုင်စင်သက်တမ်း ဆက်တိုးမပေးတော့ဘူးဆိုတာဟာလဲ အရေးပါတဲ့ အရွှေ့အပြောင်းပါ။ ဒီလိုဘဲ ရွှေထုတ်လုပ်သူတွေနဲ့ အစိုးရကြား အငြင်းပွားနေတဲ့ Production Sharing Contract ထုတ်လုပ်မှုခွဲဝေရေး အကြပ်အတည်းကို ဖြေရှင်းဘို့ ကြိုးပမ်းတာကလဲ အဖြေမထွက်သေးပေမဲ့ ကြိုဆိုပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နဲ့ တနသာၤရီတိုင်းဒေသတွေမှာ ဥပဒေနဲ့ မညီတဲ့ သတ္တုတွင်းလုပ်ငန်းတွေကို စီစစ်တာဟာ အင်မတန်ကောင်းမွန် မှန်ကန်မွန်မြတ်တဲ့ လုပ်ငန်းပါ။ ရေညစ်ညမ်းတဲ့ အရက်ချက်စက်ရုံ ပိတ်ပစ်ခြင်းဟာလည်း အင်မတန် သတ္တိရှိပါတယ်။

အားလုံးခြုံကြည့်ရင်တော့ ဆက်ပြီးအဖျားမတက်အောင်တော့ လက်ရှိအစိုးရသစ်ဟာ ဆောင်ရွက်နိုင်ပါကြောင်းသုံးသပ်ပါတယ်။ အပူငုတ်နေတာ မဟုတ်ဖို့လဲ ဆုတောင်းပါတယ်။ အရေးကြီးဆုံးအချက်ကတော့ convening power ပါ။ ၂၀၀၈ ခြေဥ အကန့်အသတ်တွေ ရှိနေပေမဲ့ အုပ်ချုပ်ရေးအာဏာကို တစ တစ လက်ဝယ်ရယူပြီး အခြေအနေ ဆိုးဆိုးဝါးဝါးမပျက်ယွင်းဘဲ ရှေ့ဆက်ချီတက်နေ နိုင်တာကို အသိအမှတ်ပြုရမှာပါ။ အဖျားပျောက်မလား၊ အားရှိမလားကတော့ ငွေရောင်ပိတ်ကားပေါ်ဆက်လက်ရှုစားရမှာပါ။ သဘောတူသူများ တူနိုင်သလို ဆဲလိုသူများဆဲနိုင်ပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly