ဗိုလ်မှူးကြီးဗထူး နှစ် (၁၀၀) ပြည့် ကြေးရုပ်ဖွင့်ပွဲကျင်းပ

ဗိုလ်မှူးကြီးဗထူး နှစ် (၁၀၀) ပြည့် ကြေးရုပ်ဖွင့်ပွဲကျင်းပ
ဓာတ်ပုံ-အောင်ကိုဦး

ရွာငံ၊ ဇူလိုင် ၁၂ ။              ။ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဇူလိုင်လ ၁၂ ရက်က ဗိုလ်မှူးကြီးဗထူး နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်   ကြေးရုပ်ဖွင့်ပွဲကျင်းပခဲ့သည်။

အဆိုပါ ကြေးရုပ်ထုနှင့်ရင်ပြင်တော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး၊ ဗိုလ်မှူးကြီးဗထူး၏ မြေးဒေါ်ချယ်ရီထူး နှင့် ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

"ကျွန်တော့အနေနဲ့ ဗိုလ်မှူးကြီးဗထူးလို တပ်မတော်က စံထားထိုက်တဲ့ လူငယ်တွေပေါ်ပေါက်လာစေချင်တယ်။" ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ပြောသည်။

၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဗိုလ်မှူးကြီးဗထူး နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် ကြေးရုပ်ဖွင့်ပွဲ ဖြစ်မြောက်ရေးကော်မတီတွင် ပါဝင်သည်ဟု ၎င်းက ပြောသည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှပေးပို့သည့် သဝဏ်လွှာများ ကိုဖတ်ကြားခြင်း နှင့် ၈၈ ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ကိုမင်းကိုနိုင်၊ ဗိုလ်မှူးကြီးဗထူး၏ ဆွေမျိုးသားချင်းများမှ ကျေးဇူးတင်စကားများ ပြောကြားခြင်းတို့ ပြုလုပ်ခဲ့သည်။

"ဒီလိုပွဲလုပ်တဲ့အပေါ်မှာ နိုင်ငံတော်သမ္မတ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့က သဝဏ်လွှာပေးပို့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ မြေးဖြစ်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်" ဟု ဗိုလ်မှူးကြီးဗထူး၏ မြေးဦးဖြစ်သူ ဒေါ်ချယ်ရီထူး က ပြောသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဗိုလ်မှူးကြီးဗထူးအကြောင်း ရေးသားထားသည့် လက်ကမ်းစာဆောင်များလည်း ဝေငှ ပေးခဲ့သည်။

ဗိုလ်မှူးကြီးဗထူးကို တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်လုံးမြို့နယ်၊ လေးသွန်းခံရွာမှ ဦးဘထွန်းနှင့်ဒေါ်စိန်မြရင်တို့၏ တတိယမြောက်သားဖြစ်သည်။ ၁၉၄၂ခုနှစ်တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ ၂၉၄၃ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် စက်မှုလက်မှုတပ်ရင်း အမှတ်(၁)၏ တပ်ရင်းမှူးအဖြစ်တာဝန်ယူခဲ့သည်။

၁၉၄၄ခုနှစ်တွင် မြန်မာနိုင်ငံအထက်ပိုင်း တိုင်းမှူး တာဝန်ယူခဲ့ရပြန်သည်။ ၁၉၄၅ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ဖက်ဆစ်များအား စတင်တော်လှန် တိုက်ခိုက်ခဲ့ပြီး မန္တလေးမြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့သည်။

ဖက်ဆစ်များကိုရှမ်းပြည်တောင်ပိုင်းသို့တိုင်အောင် လိုက်လံချေမှုန်းစဉ် ၁၉၄၅ခုနှစ်၊ ဇွန် ၂ ရက်နေ့ ည ၈ နာရီ ၁၀မိနစ်တွင် ငှက်ဖျားရောဂါဖြင့် ရွာငံမြို့နယ်၊ တဲ့လုရွာတွင် ကျဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly