ကက်ရှ်မီးယားတွင် စစ်သွေးကြွခေါင်းဆောင်သေဆုံး၍ ဆန္ဒပြမှုများကြောင့် ပဋိပက္ခဖြစ်ကာ လူ ၃၀ သေဆုံး

ကက်ရှ်မီးယားတွင် စစ်သွေးကြွခေါင်းဆောင်သေဆုံး၍ ဆန္ဒပြမှုများကြောင့် ပဋိပက္ခဖြစ်ကာ လူ ၃၀ သေဆုံး

ကက်ရှ်မီးယား၊ ဇူလိုင် ၁၂ ။                ။ ကက်ရှ်မီးယားတွင် ထင်ရှားသည့်စစ်သွေးကြွခေါင်းဆောင် ပစ်သတ်ခံရပြီးနောက် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များကြား ထိပ်တိုက်တွေ့မှုများဖြစ်ပွားရာ လူပေါင်းအနည်းဆုံး ၃၀ သေဆုံးကြောင်း အိန္ဒိယထိန်းချုပ်ကက်ရှ်မီးယားဒေသမှ ရဲဌာနက ပြောသည်။

အသက် ၂၂ နှစ်အရွယ် စစ်သွေးကြွခေါင်းဆောင် ဘာဟန်ဝါဒီက ဇူလိုင် ၈ ရက်၌ အိန္ဒိယစစ်တပ်နှင့် တိုက်ပွဲအတွင်း သေဆုံးခြင်းဖြစ်သည်။

တိုက်ပွဲနှစ်ရက်တာပြီးနောက် ဇူလိုင် ၁၁ ရက် သတင်းများအရ သေဆုံးသူပေါင်း ရဲတစ်ဦးအပါအဝင် ၂၃ ဦးရှိခဲ့ကြောင်း သိရသည်။

ကက်ရှ်မီးယားဒေသတွင်း နှစ်များစွာအတွင်း အဆိုးဆုံးအကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ်လည်းဖြစ်သည်။ နယ်မြေပြန်လည်ထိန်းသိမ်းရေးအတွက် တပ်ဖွဲ့ဝင်ထပ်တိုးအင်အား ၈၀၀ နီးပါး စေလွှတ်ထားသည်။

ဆန္ဒပြသူများနှင့် ပဋိပက္ခအတွင်း အစိုးရတပ်အင်အားက မျက်ရည်ယိုဗုံးများ သုံးကာ ဖြိုခွဲခြင်းကြောင့် လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရသည်။

ရဲဌာန ဂိတ်တစ်ခု မီးရှို့ခံရပြီး စစ်တပ်လေတပ်စခန်းတစ်ခု ပစ်မှတ်ထားခံရခြင်းတို့ကြောင့် မွတ်စလင်အများစုရှိရာ ယင်းအရပ်တွင် ကာဖျူးမိန့်ထုတ်ထားသည်။

ကက်ရှ်မီးယားဒေသသည် အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံစလုံးက သူပိုင်ငါပိုင် အငြင်းပွားနေခဲ့ရာ နှစ်ပေါင်း ၆၀ ကျော်မက ရှိပြီး နှစ်နိုင်ငံကြား စစ်မီးစတစ်စအဖြစ် ရှိနေခဲ့သည့် ဒေသလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly