စဉ်းစားကာ နေရဦးမယ်

စဉ်းစားကာ နေရဦးမယ်
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ မဘသ အဖွဲ့ မလိုအပ်တော့ဘူးဟု ပြောဆိုခဲ့မှုနှင့် မဘသ ဗဟိုဦးဆောင် ဆရာတော်များမှ အင်းစိန် ရွာမ ပရိယတ္တိ ကျောင်းတိုက်၌ ဇူလိုင်လ ၇ ရက်နေ့ နေ့လည်တွင် အထူးအရေးပေါ်အစည်းဝေး ပြုလုပ် လျက်ရှိသည်။ ဓာတ်ပုံ-သူရ

ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ရဲ့ မ.ဘ.သ အဖွဲ့ မလိုအပ်ဘူးဆိုတဲ့ စကားတစ်ခွန်းကို အကြောင်းပြုလို့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ တိုက်ပွဲခေါ်သံတွေ ပွက်ပွက်ညံကုန်ပါရောလား။ မရှိသင့်တော့ဘူးတွေက တစ်ဖက်၊ ရှိသင့်တယ်တွေက တစ်ဖက် အားရပါးရ နှက်ကြပါတာ့တယ်။ ဥပဒေအကိုးအကား၊ ဆရာတော် သံဃာတော်ကြီးတွေ မိန့်မြွက်စကား အထောက်အထားတွေနဲ့ အားပါတရ ဖွင့်ချကြပါတော့တယ်။ မ.ဘ.သ အဖွဲ့ထဲက နှုတ်ထွက်တယ်ဆိုတဲ့ သတင်းတွေလည်း အတော်ပဲ ကြားရခဲ့တယ်။

မ.ဘ.သ အဖွဲ့ကြီးကလည်း ဒီအတိုင်း ဘယ်နေပါ့မလဲ။ အရေးပေါ် အစည်းအဝေးထိုင်ပြီး ဒီကိစ္စကို တစ်ပတ်အတွင်း ဖြေရှင်းပေးဖို့ နိုင်ငံတော်၏ အတိုင်အပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မတကြီးကို   တောင်းဆိုတော့တာပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ဗဟို အလုပ်အမှုဆောင် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်ကို သတင်းမီဒီယာတွေက မေးမြန်းခဲ့ရာမှာ ဦးဝင်းထိန်က "ကိုယ်ကတော့ ကိုဖြိုးမင်းသိန်းကို ပြောလိုက်ပါတယ်။ ကြီးသောအမှုငယ်အောင်၊ ငယ်သောအမှု ပပျောက်အောင် ခေါင်းထဲထည့်မ နေနဲ့လို့။ ကိုယ်တို့က ၂၇ နှစ်ထိ အဲဒီလို ဝေဖန်ခံရ၊ နှိပ်ကွပ်ခံရ စစ်အစိုးရရဲ့ ဖိနှိပ်မှုခံရတာထက် စာရင်တော့ အခုဟာက ပန်းနဲ့ပေါက်သလို ယူဆတယ်လို့။ ဘာမှ ပြန်လုပ်မှာလည်း မဟုတ်ဘူး။ ဘာမှလည်း ပြောမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်တို့က မူအရ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရရော NLD ရဲ့ ဖွဲ့စည်းပုံ မူအရရော ဘာသာရေးနဲ့ နိုင်ငံရေးက လုံးဝ ခွဲခြားထားတယ်။ ဘာသာ ရေးကို နိုင်ငံရေးအကျိုးအတွက် လုံးဝ အသုံးမချဘူး။ ဘာသာရေးနဲ့ နိုင်ငံရေး မရောဘူး။ အဲဒီတော့ သူတို့ပြောချင်ရာပြော ကိုယ်တို့ ဘာမှ မလုပ်ဘူး" လို့ ဖြေကြားခဲ့ပါတယ်။ တစ်ခါ သာသနာရေးဝန်ကြီး ဦးအောင်ကိုကလည်း အစ္စလာမ် လုပ်ငန်းရှင်ကြီးတွေ ကျင်းပတဲ့ အစ်ပွဲတော်နေ့ မီဒီယာတွေနဲ့ တွေ့စဉ်မှာ "ဒီကိစ္စဟာ ဦးဖြိုးမင်းသိန်းရဲ့ ဒီမိုကရေစီ အခွင့်အရေးအရ ပြောတာသာဖြစ်ပြီး ဘာမှ ထိပါးပုတ်ခတ်တာ မပါဘူး" လို့ ပြောပါတယ်။

မောင်မှန်တို့ ဒီစကားကြီး သုံးခွန်းကို သုံးသပ်ကြည့်ကြရအောင်ပါခင်ဗျာ။ ဦးဖြိုးမင်းသိန်း စင်ကာပူမှာပြောတဲ့ စကား အတိအကျက နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ရှိနေတဲ့အတွက် မ.ဘ.သ အဖွဲ့ မလိုအပ်ဘူးလို့ ဖြစ်ပါတယ်။ ရန်ကုန်လေဆိပ်မှာ ပြောတာလည်း မ.ဘ.သ မလိုအပ် ဘူးပဲ ဖြစ်ပါတယ်။ မလိုဘူးပဲ ပြောတာပါ။ ဖျက်သိမ်းရမယ် တို့အရေးယူရမယ်တို့ စတာတွေ ဘာမှ မပါပါဘူး။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှလည်း မ.ဘ.သ ကို ဆန့်ကျင်တိုက်ဖျက်ဖို့ တိုက်တွန်း နှိုးဆော်ထားတာ မတွေ့ရပါဘူး။ သူမလိုဘူးထင်လို့ မလိုဘူးပြောတာ သက်သက်နေမှာပါ။ ဒါက မူလ ဘူတအရင်းခံ မထမစကားကြီးကို နားလည်ကြည့်တာပါ။ ရှင်းရှင်းလေးပါ။

ဒုတိယစကားကြီးကျတော့ ရှည်လျားတယ်။ ထွေပြားတယ်။ ဝေဝါးတယ်။ ဒါပေမဲ့ ပညာသားပါ တယ်။ (ဒီမိုကရေစီတစ်ပိုင်း ခေတ်ကြီးမှာ ထွေပြားဝေဝါးအောင် ပြောနိုင်ရေးနိုင်ပါမှ ပညာသားပါတာ။ နိုင်ငံရေးသမား ပီသတာနော်) ဦးဝင်းထိန်က ကြီးသောအမှုငယ်၊ ငယ်သောအမှု ပပျောက်အောင် ခေါင်းထဲထည့်မနေပါနဲ့တဲ့။ စစ်အစိုးရ နှိပ်ကွပ်မှုနဲ့ စာရင် ပန်းနဲ့ပေါက်တာပဲတဲ့။ ဘာမှ ပြန်မလုပ်၊ ဘာမှ လည်း ပြန်ပြောမှာ မဟုတ်ဘူးတဲ့။ ဒါတွေက ဦးဝင်းထိန်စကားရဲ့ အဓိက သော့ချက်တွေလို မောင်မှန် ထင်ပါတယ်။ ခေါင်းထဲထည့်မနေနဲ့ဆိုတာက ကောင်းကောင်းဆိုးဆိုး ထားလိုက်ပါလို့ ပြောတာပါပဲ။ စစ်အစိုးရ နှိပ်ကွပ်မှုနဲ့ စာရင်တဲ့။ အခု မ.ဘ.သ က နှိပ်ကွပ်နေတာလား မသိဘူး။ မောင်မှန်စကား ကပ်ပြော၊ ကပ်ရေးတာ မဟုတ်ပါဘူး။ သူ့စကားက အဲ့ဒီ အဓိပ္ပါယ်ရောက်နေတယ်။ မ.ဘ.သက တစ်ပတ်အတွင်း မဖြေရှင်းပေးရင် ဆန္ဒပြမယ်။ လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှု လုပ်မယ်ပြောထား တယ်။ ဒါက ပန်းနဲ့ပေါက်သလောက်ပဲ ရှိသတဲ့။ ဦးဝင်းထိန်တို့အတွက်တော့ ဟုတ်မှာပါလေ။ ဘာမှ ပြန်မလုပ်ဘူး။ မပြောဘူးဆိုတာကတော့ အရှင်းဆုံးပဲ။ ပိုနေမြဲ ကျားနေမြဲပေါ့။ အဲ....နေမြဲထက် နည်းနည်း တိုးလာနိုင်တာ တစ်ခုက မ.ဘ.သ လှုပ်ရှားမှုပါ။

နောက်ဆုံးနဲ့ တတိယစကားကြီးက သူရဦးအောင်ကိုရဲ့ စကား၊ သာသနာရေးဝန်ကြီးရဲ့ စကား၊ ဦးဖြိုးမင်းသိန်း စကားပေါ်မှာ သူက အကောင်း၊ အဆိုး ဘာမှ မပြောဘူး။ ဒါ ဦးဖြိုးမင်းသိန်းရဲ့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် (Right)ပဲ။ ထိပါးပုတ်ခက်တာ မပါဘူးတဲ့။ (ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ တည်ရှိနေတဲ့ အရာတစ်ခုကို မရှိသင့်ဘူးပြောတာ ထိပါးတဲ့ အဓိပ္ပာယ် မရောက်ဘူးဆို တာလည်း မရောက်ဘူးပဲ ထားပါတော့။) စကားတွေက လမ်းကြောင်း သိပ်မကျဘူးလို့ မောင်မှန် ခံစားရပါတယ်။

မဘသ အဖွဲ့ကြီး ဘယ်လို ပေါ်ပေါက်လာသလဲဆိုတာနဲ့ ဘယ်ပါတီ အဖွဲ့အစည်းနဲ့ ပလဲနံပ သင့်တယ်ဆိုတာ ပြည်သူအများ သိပြီးသားပါ။ အစိုးရသစ်တက်ပြီး များမကြာခင်မှာပဲ NLD နာယက ကြီး ဦးတင်ဦးက မ.ဘ.သ ဆရာတော်တွေကို သွားရောက် ဖူးမြော်ခဲ့ပါတယ်။ မောင်မှန်ဖြင့် ဆရာ ဒကာ အပေးအယူမျှပြီး တစ်ယောက်တစ်ယောက် ဖေးကူမနေပြီပကောရယ်လို့ ထင်ခဲ့မိတယ်။ အခု ဒီကိစ္စပေါ်တော့ မောင်မှန် အထင်ပဲ လွဲသလား၊ ထင်တဲ့အတိုင်းပဲ ဖြစ်မလား၊ ဘာမှတော့ မသေချာ သေးဘူး။ စောင့်ကြည့်ရဦးမယ့် သဘောပဲ။

NLD အစိုးရ တက်ခါစမှာပဲ ကရင်ပြည်နယ်ဘက်မှာ ဘာသာရေးပြဿနာ အနည်းငယ် ပေါ်ပါ တယ်။ ခရစ်ယာဉ် ဘုရားရှိခိုးကျောင်းနဲ့ မွတ်ဆလင် ဗလီတွေအနားမှာ စေတီတည်တဲ့ ကိစ္စပါ။ ကိုယ့်နည်းကိုယ်ဟန်နဲ့ပဲ ဖြေရှင်းလိုက်ကြရပါတယ်။ အဲဒီတုန်းက သာသနာရေးဝန်ကြီး ပြောတဲ့စကား က သောခံလီး၊ သောခံလီး၊ သည်းခံလော၊ သည်းခံလောတဲ့ သည်းခံခြင်းဖြင့် အောင်နိုင်ရာ၏ဆိုတဲ့ သဘောပေါ့ခင်ဗျာ။ မကြာသေးခင်က ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာမှာ ဗလီ အဆောက်အဦးတစ်ခု အဖျက်ခံရပြန်ပါတယ်။ မှန်တာ မှားတာတော့ ရှိကြမှာပေါ့။ အဆောက်အဦးဖျက်တဲ့ ကိစ္စကတော့ အရေးယူသင့်တယ် ထင်တာပါပဲ။ ဒါပေမယ့် တိုင်သူ(အမှုဖွင့်သူ)မရှိလို့တဲ့။ ဘယ်သူ့ကိုမှ အရေးမယူပါ ဘူး။ ဒါနဲ့ တစ်ဆက်တည်းလိုမှာပဲ ဖားကန့်မှာလည်း ဘာသာရေးနဲ့ ဆက်နွယ်တဲ့ အဆောက်အဦးတစ် ခု လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကြားကပဲ မီးရှို့ခံရပြန်ပါတယ်။ ဒါကိုတော့ ကချင်ပြည်နယ် နယ်/လုံ ဝန်ကြီး က အရေးယူသွားမယ်လို့ ဆိုပါတယ်။ သူရဲသမိန်ရွာနဲ့ ဖားကန့်ကိစ္စ နှစ်ခုလုံးမှာ ပြည်ထောင်စုအစိုးရ ဘက်က အသံ ဘာသံမှ မကြားရပါ။ ဒါတွေဟာ မီးပွားကလေးတွေပဲဆိုတာ သူတို့လည်း အတွေ့အ ကြုံအရ သိမှာပါ။ ဒါပေမဲ့ ဆိတ်ဆိတ်နေရတဲ့ အကြောင်းလည်း ရှိမှာပါ။ မဆုံးနိုင်ဘဲ စရင်တော့ ပြည်သူတွေ နာရဦးတော့မှာပါ။

မောင်မှန်တို့ ပြည်သူတွေကတော့ ၉၀ ရွေးကောက်ပွဲဆို ရွေးကောက်ပွဲ၊ ဂန္ဓီခန်မကြေညာချက် ဆိုလည်း ကြေညာချက်၊ CRPP ဆိုလည်း CRPP၊ ၉၈ လွှွတ်တော်ခေါ်ယူရေးဆိုလည်း ခေါ်ယူရေး၊ ၂၀၀၈ ဆန့်ကျင်ဆိုလည်း ဆန့်ကျင်၊ ၂၀၀၉ ရွှေဂုံတိုင်ဆိုလည်း ရွှေဂုံတိုင် တစ်ချက်မှ မယိုင်ဘဲ နောက်လိုက်ကောင်း ပီသခဲ့ပါတယ်။ ၂၀၁၂ ကြားဖြတ်ကျတော့ ဟုတ်မှာပါလေပေါ့။ ၂၀၁၅ ကျပြန် တော့ အောထည့်လိုက်ရင် ဘဝပြောင်းပြီပေါ့။ ရှေ့ဆောင်နွားလား ဘယ်လိုသွားသွား နောက်နွားတစ် သိုက်က လိုက်နေတုန်းပါပဲ။ ဒါပေမဲ့ အတွေ့အကြုံဟာ အကောင်းဆုံး ဆရာဆိုတဲ့ ဆိုရိုးအတိုင်း အရင်ကထက်တော့ ပိုပြီး စဉ်းစားတတ်လာကြပြီပေါ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly