ဗုဒ္ဓပုံတော် ခြေထောက်တွင် တက်တူးထိုးသည့် စပိန်နိုင်ငံသားအား ပြည်နှင်ဒဏ်ပေး

ဗုဒ္ဓပုံတော် ခြေထောက်တွင် တက်တူးထိုးသည့် စပိန်နိုင်ငံသားအား ပြည်နှင်ဒဏ်ပေး
(ဓာတ်ပုံ - RUNGROJ YONGRIT၊ အီးပီအေ) 

သာသနာအား စော်ကားရာ ရောက်စေသဖြင့် ဗုဒ္ဓပုံတော်အား ခြေထောက်တွင် ဆေးမင်ကြောင်တက်တူးထိုးထားသည့် စပိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်အား ပြည်နှင်ဒဏ်ပေးမည်ဟု ရဲဌာနက ဇူလိုင် ၁၁ ရက်တွင် ပြောသည်။

အဆိုပါ စပိန်အမျိုးသားကို ပုဂံတွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။ 

"ပုဂံက ဘုန်းကြီးတွေက ဘောင်းဘီတို ဝတ်ထားတဲ့ အဲဒီ စပိန်နိုင်ငံသား ညာခြေထောက်မှာ ဗုဒ္ဓပုံဆေးမင်ကြောင်ထိုးထားတာကို စမြင်တာပါ။ ဒါ မသင့်မတော်ဘူးဆိုပြီး ရဲကို လာတိုင်ကြတာဖြစ်ပါတယ်။"ဟု အမည်မဖော်သည့် ရဲအရာရှိတစ်ဦးက Agence France-Presse သို့ပြောခဲ့သည်။ ထိုစပိန်နိုင်ငံသားကို ရန်ကုန်သို့ ချက်ချင်းပြန်ပို့ခဲ့ကြောင်းလည်း ဖြည့်စွက်ပြောသည်။

ရန်ကုန်လေဆိပ်ရှိ အမည်မဖော်သည့် ရဲအရာရှိတစ်ဦးကလည်း စပိန်တိုးရစ်အား ထိန်းသိမ်းထားခြင်းကို အတည်ပြုပြောပြီး ၎င်းကို ဘန်ကောက်သို့ ဇူလိုင် ၁၁ ရက်(ယနေ့)ညနေပိုင်း၌ ပြန်ပို့မည်ဟု ပြောသည်။

"ကျွန်တော်တို့က သူ့ကို ဒီနိုင်ငံမှာ ခရီးသွားဧည့်သည်တစ်ယောက်အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်လို့ ပြန်ပို့ရမှာဖြစ်ပါတယ်။"ဟု ၎င်းက ရဲအရာရှိက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်းက နယူးဇီလန်ဘားမန်နေဂျာတစ်ဦးအား ဗုဒ္ဓပုံတော်အား မလျော်ကန်စွာအသုံးပြုခြင်းအတွက် သာသနာစော်ကားရာရောက်သည်ဆိုကာ ထောင်ဒဏ် ဆယ်လ ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly