အိမ်ရှင်ပြင်သစ်ကို အနိုင်ယူပြီး ပထမဆုံး ချန်ပီယံဖြစ်တဲ့ ပေါ်တူဂီ

အိမ်ရှင်ပြင်သစ်ကို အနိုင်ယူပြီး ပထမဆုံး ချန်ပီယံဖြစ်တဲ့ ပေါ်တူဂီ
(ဓာတ်ပုံ - အီးပီအေ)

ယူရို ၂၀၁၆ ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပေါ်တူဂီအသင်းက ပွဲချိန်အစောပိုင်းကတည်းက စီရော်နယ်လ်ဒိုကို လက်လွှတ် ဆုံးရှုံးခဲ့ရပေမယ့် အိမ်ရှင် ပြင်သစ်ကို အနိုင်ယူပြီး ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာ အဓိကဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပထမပိုင်း (၄) မိနစ်မှာ ပြင်သစ် နောက်ခံလူတွေကြားက နေရာလွတ်ကနေ နာနီရဲ့ အဝေးကန်ချက်နဲ့ ပေါ်တူဂီတို့ ပထမဆုံး ဂိုးသွင်းခွင့် အခွင့်အရေးရရှိပေမယ့် ဂိုးဘား ကျော်သွားခဲ့ပါတယ်။ ပြင်သစ် အသင်းကလည်း (၉) မိနစ်မှာ ပါယတ်ရဲ့ ခေါင်းတိုက်ချက် ပေါ်တူဂီ ဂိုးသမား ပတ်ထရီစီယို ကာကွယ်သွားတာ တွေ့ရပါတယ်။

ပွဲချိန် (၈) မိနစ်မှာ ပါယတ်ရဲ့ ဒူးခေါင်းနဲ့ ထိပြီး ဒူးဒဏ်ရာရသွားတဲ့ အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုကို ကွာရက်စ်မာနဲ့ (၂၄) မိနစ်မှာ လူစားလဲခဲ့ပါတယ်။

ဒီပွဲမှာ ပြင်သစ် ကွင်းလယ်လူ ဆစ်ဆိုကိုဟာ အထူး ခြေစွမ်းပြသွားခဲ့ပြီး အပိုင်ကန်သွင်းမှုတွေ လုပ်ခဲ့ပေမယ့် ပေါ်တူဂီ ဂိုးသမား ပက်ထရူစီယို ကာကွယ်နိုင်ခဲ့တယ်။

ပြင်သစ်ဖက်က ဂရီးဇ်မန်းနဲ့ ဆစ်ဆိုကို အခွင့်အရေးတွေကို ပေါ်တူဂီ ဂိုးသမား ကာကွယ်နိုင်ခဲ့လို့ ပထမပိုင်းမှာ နှစ်ဖက် ဂိုးမရှိ သရေနဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။ ပေါ်တူဂီကတော့ တန်ပြန်တိုက်စစ်ကနေပဲ ဂိုးရဖို့ ကစားသွားတာကို တွေ့ရပါတယ်။

ဒုတိယပိုင်းမှာ ပေါ်တူဂီက အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမယ့် ဂိုးသမား လိုရစ်ကာကွယ်ခဲ့ပါတယ်။ ပြင်သစ်က ဆစ်ဆိုကို၊ ဂျရူးတို့ အခွင့်အရေးတွေကို ပေါ်တူဂီ ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာ ဂစ်နက်ရဲ့ ကန်ချက် ဂိုးတိုင်အောက်ခြေထိ ထွက်ခဲ့လို့ ပြင်သစ်တို့ ဂိုးရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

အချိန်ပို ပထမပိုင်းမှာလဲ နှစ်ဖက် သရေကျနေလို့ ပင်နယ်တီ အဆုံးအဖြတ်အဆင့်ထိ ရောက်သွားမယ့် အခြေအနေမှာ ပွဲချိန် (၁၀၉) မိနစ်မှာ အီဒါက ဂိုးဧရိယာထိပ်နား (၂၅) ကိုက်အကွာကနေ အပြင်းကန်သွားတာကို ပြင်သစ်ဂိုးသမား လုံးဝမတတ်နိုင်ပဲ ဂိုးပေးလိုက်ရပါတယ်။

ပွဲချိန်ပြည့် ခရာမှုတ်သိမ်းချိန်မှာတော့ ပေါ်တူဂီ ကစားသမားများနှင့် ပရိသတ်တွေရဲ့ ပျော်ရွှင်မှုမြင်ကွင်းနဲ့ လွှမ်းခြုံသွားပါတော့တယ်။

ဒီပွဲမှာတော့ ပေါ်တူဂီရဲ့ ခံစစ်ပိုင်းနဲ့ ဂိုးသမားတို့ အကောင်းဆုံးကစားခဲ့လို့ အခုလို ထိုက်တန်တဲ့ အနိုင်ရလဒ်ရရှိတာဖြစ်ပြီး ရော်နယ်လ်ဒိုအတွက်လည်း နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့ပါတယ်။

၂၀၀၄ ယူရိုပြိုင်ပွဲတုန်းက ဒုတိယနေရာရရှိခဲ့တဲ့ ပေါ်တူဂီအသင်းဟာ ယူရို ၂၀၁၆ အုပ်စုတွင်းမှာ နိုင်ပွဲတစ်ပွဲမှ မရခဲ့ပေမယ့် ရှုံးထွက်အဆင့်တွေကို တစ်ဆင့်ချင်း ဖြတ်သန်းလာနိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲမှာ ပြင်သစ်ကို အချိန်ပိုမှာ (၁) ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားပြီး ဥရောချန်ပီယံဖြစ်လာပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly