မူးယစ်နွံထဲရောက်နေတဲ့မြို့ကလေး

မူးယစ်နွံထဲရောက်နေတဲ့မြို့ကလေး

ဆင်းရဲမှှုလှိုက်စားနေသောချင်းတောင်တန်းများ၊ ဥပဒေစိုးမှှု အားနည်းသော အိန္ဒိယ-မြန်မာနယ်စပ်တို့နှင့် ဆက်စပ်နေသည့် ကလေးမြို့သည် မူးယစ်ဆေး၏ ဝါးမြိုမှှုကိုအကြီးအကျယ်ခံနေရသည်။

  မိုးသည်းသည်းမည်းမည်းရွာနေသော ဇူလိုင်ညနေခင်းတစ်ခုတွင် ကိုစည်သူဝင်းက ဘိန်းဖြူကို သွေးကြောထဲထိုးပြီး လက်တည့်စမ်းကြည့်သည်။

လက်တည့်စမ်းသပ်မှုကမူးယစ်နွံသို့ ပထမခြေလှမ်းဖြစ်လာလိမ့်မည်ဟုစစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင်ကြီးပြင်းလာသော၊  ထိုအချိန်ကဆယ်တန်းတက်နေသောကိုစည်သူဝင်းမတွေးမိခဲ့ပေ။

“ကျွန်တော်တို့ဒေသမှာ မူးယစ်ဆေးကို ဘီယာတစ်ခွက်တန်ဖိုးထက်နည်းတဲ့ ငွေကြေးပမာဏနဲ့ အလွယ်တကူ ဝယ်ယူသုံးစွဲလ့ို့ ရပါတယ်” ဟုကျုံလှီပြီးနာမကျန်းဖြစ်နေသူ၊ ၂၆နှစ်အရွယ် ကိုစည်သူဝင်းကပြောသည်။

ကလေးမြို့နှင့် ဝန်းကျင်တွင် ကိုစည်သူဝင်းကဲ့သို့ ဆေးစွဲသူထုနှင့်ထည်နှင့်ရှိသကဲ့သို့ ရောင်းဝယ်ဖောက်ကားသူလည်း များပြားလွန်းသောကြောင့် မူးယစ်ဆေး၏ ဝါးမြိုမှှုကို အကြီးအကျယ်ခံနေရသောမြို့ ဖြစ်လာသည်ဟု ဒေသခံတို့ကပြောသည်။

မူးယစ်ဆေးရောင်းဝယ်မှှုဖြင့် အကျဉ်းထောင်အတွင်းသုံးနှစ်နေခဲ့ရပြီးယခင်လက ပြန်လည် လွတ်မြောက်လာသူ ၃၆ နှစ်အရွယ်ကိုထွန်းထွန်းကလည်း “ကလေးမြို့က မူးယစ်ဆေးသုံးစွဲတဲ့လူစာရင်းကို ရေးပြရမယ်ဆိုရင် ဗလာစာအုပ် တစ်အုပ်သာကုန်သွားမယ်၊ စာရင်းကတော့ ပြည့်မှာမဟုတ်ဘူး” ဟု ကလေးမြို့ရှိသူ၏ နေအိမ်သို့ ရောက်သွားသော Myanmar Nowသတင်းထောက်တို့ကိုပြောပြသည်။

မူးယစ်နွံထဲမှ ထွက်လိုသူတို့ကို အာဏာပိုင်တို့အကူအညီပေးမှုများထဲတွင် ဘိန်းဖြတ်လျှင်ရလာမည့် ဝေဒနာသက်သာစေသည့် မက်သဒုန်းဆေးထောက်ပံ့ခြင်းလည်းပါဝင်သည်။  

ကလေးမြို့နယ်ဆေးရုံတွင် မက်သဒုံးလာရောက်ထုတ်ယူသူနေ့စဉ် ၂ဝဝ ခန့် ရှိနေကြောင်း၊ ပြီးခဲ့သည့် ၃ နှစ်အတွင်းထိုဆေးအစားထိုးသုံးစွဲပြီး ကုသမှု ခံယူသူ၇၅၉ ဦးရှိကြောင်းထိုဆေးရုံမှ ဒေါက်တာထက်မြတ်စိုးက ပြောသည်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ကမူ ကလေးမြို့တွင် မူးယစ်ဆေး သွေးကြောထဲထည့်ပြီး သုံးစွဲနေသူ ၁,၂ဝဝဝန်းကျင် ရှိမည်ဟုခန့်မှန်းထားသည်။

ကလေးမြို့သည် မူးယစ်ဆေးစီးဆင်းရာလမ်းကြောင်း ဖြစ်သည့် အိန္ဒိယ-မြန်မာနယ်စပ်နှင့် ကီလိုမီတာ ၈ဝ ခန့်သာကွာဝေးခြင်း၊ ဒေသတွင်း မြင့်မားသည့်တောင်တန်းများ၊ လုပ်ငန်းအသုံးစရိတ် နည်းပါးမှုတို့ကရဲတပ်ဖွဲ့၏ မူးယစ်ဆေးနှိမ်နင်းတိုက်ဖျက်ရေးလုပ်ငန်းများကို အဟန့်အတား ဖြစ်စေသည်ဟု အာဏာပိုင်တို့ကဆိုသည်။

ဘိုးဘိုးအောင် ဝလုံးများ

စီမံချက်တစ်ရပ်အနေဖြင့် အဖမ်းအဆီးများပြုလုပ်သောအခါ သာမန်သုံးစွဲသူများ၊ ရောင်းလက် အငယ်စားများပါ ဖမ်းဆီးခံရတတ်ကြောင်း  UNODCရုံးမှ HIV ရောဂါကာကွယ်ရေး နှင့် ကုသရေး မြန်မာနိုင်ငံတာဝန်ခံ ဒေါက်တာဝင်းမာကပြောသည်။

မြန်မာအပါအဝင် နိုင်ငံအများအပြားက မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများပြုလုပ်ကြသည့် ဇွန် ၂၆ ရက်နေ့က ကလေးမြို့တွင် ၃ ဦး အနည်းဆုံး ဖမ်းဆီးခံရသည်။

ထိုနေ့ကအိန္ဒိယနယ်စပ် တမူးမြို့သို့သွားရာလမ်းရှိရွာတစ်ရွာအနီးတွင် ကလေးမြို့နယ်ရဲစခန်းမှနယ်ထိန်းဒုရဲအုပ် ဘိုဘိုဝင်းထွဋ်ကရဲတပ်ဖွဲ့ဝင်တချို့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်တို့နှင့်အတူ ကင်းပုန်းဝပ်ခဲ့သည်။

နှစ်နာရီနီးပါးစောင့်ဆိုင်းပြီး မှောင်စပျိုးတော့မည့်အချိန်တွင် လူလတ်ပိုင်းအမျိုးသားတစ်ဦး၊ လူငယ်တစ်ဦးတို့ ရွှံ့ပေနေသည့် ဆိုင်ကယ်ဖြင့် ဖြတ်သန်းလာရာပစ္စတိုတစ်လက်ခါးကြားထိုးထားသောနယ်ထိန်းဒုရဲအုပ်က မြက်ရှည်ပင်ချုံထဲမှ လွှားခနဲခုန်ထွက်ပြီးဆိုင်ကယ်ကိုတားဆီးလိုက်သည်။

အနီးတွင် ပုန်းခိုနေသူများလည်း ဝိုင်းလာပြီး ဆိုင်ကယ်စီးသမားနှစ်ဦးကို လက်နောက်ပြန်ချုပ်ကာ လက်ထိတ်ခတ်လိုက်ကြသည်။ ဆိုင်ကယ်မောင်းလာသူ၏  ပုဆိုးခါးပုံစထဲတွင် ဘိန်းဖြူဟုယူဆရသည့် အမှှုန့် ထည့်ထားသည့် ဖန်ပုလင်း၊ စိတ်ကြွဆေးဟုယူဆရသည့် အဝါရောင်အလုံးတချို့ပါရှိသော ကော်ဘူးငယ်တို့ကို တွေ့ရသည်။

ထိုပစ္စည်းများကိုမြို့မြောက်ဘက် အနောက်ခုံသာကျေးရွာရှိ ကိုမောင်မောင်ဦးဆိုသူထံမှ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုသဖြင့် ရဲတပ်ဖွဲ့ဝင်တို့က မူးယစ်ဆေးကိုယ်တိုင်ရောင်း၊ ကိုယ်တိုင်လည်းသုံးသော “ရောင်းသုံး”များ အုံနှင့်ကျင်းနှင့် နေထိုင်သည်ဟု ဒေသခံတို့ကပြောသည့် ထိုရွာသို့ ဆိုင်ကယ်များဖြင့် ညတွင်းချင်း သွားရောက်ကြသည်။

မိုးရွာထားသဖြင့် ရွှံ့အတိပြီးနေသော ရွာလမ်းအသွယ်သွယ်ကို အမှောင်ထဲတွင် ဆိုင်ကယ်များဖြင့် စမ်းတဝါးဝါးဖြတ်သန်းအပြီး ည ၈ နာရီတွင် မူးယစ်ဆေးရောင်းသည်ဟု ယူဆရသူ၏  တဲအိမ်အနီးနားသို့ ရောက်ရှိသွားသည်။ အိမ်ထဲတွင် ကိုမောင်မောင်ဦးရှိနေသည်။ သို့သော်လည်း သူ့အိမ်တွင်မည်သည့် မူးယစ်ဆေးမှ ရှာမတွေ့။

“ဟိတ်ကောင် … မောင်မောင်ဦး၊ မင်းနာမည်ကြီးပဲ။ မင်းရှိရင်ထုတ်ပေး၊ ရှာမှတွေ့ရင်တော့ သေပြီသာမှတ်တော့” ဟုရဲတပ်ကြပ်ကြီးတစ်ဦးက ကိုမောင်မောင်ဦးကို လက်ထိတ်ခတ်ရင်းပြောသည်။

ကိုမောင်မောင်ဦးက မူးယစ်ဆေးရောင်းဝယ်မှုကို လုပ်ကိုင်ခြင်းမရှိတော့ကြောင်း၊ ဆေးစွဲနေသည်ကိုလည်း ဖြတ်ရန် ကြိုးပမ်းနေကြောင်း ပြန်လည် တုန့်ပြန်ပြီးဆေးမှတ်တမ်းယူကြည့်နိုင်သည်ဟုသက်သေထူလိုက်သည်။

ကလေးတွင် ယခုနှစ် ပထမ ၆ လ အတွင်းမူးယစ်ဆေးဖမ်းဆီးမှှု အကြိမ် ၈ဝခန့်ရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဒေသတွင်းမူးယစ်ဆေးသုံးစွဲ၊ အရောင်းအဝယ်လုပ်သူအရေအတွက် ပွားများလာပုံသည် မြန်မာပြည်သားတချို့ ကိုးကွယ်သည့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ် ဘိုးဘိုးအောင်၏ ဝလုံးများနှင့် ဆင်တူသည်ဟုဒုရဲအုပ် ဘိုဘိုဝင်းထွဋ်က ဆိုသည်။

“ဘိုးဘိုးအောင် ဝလုံးဖျက်နေရသလိုပဲ။ တစ်လုံးဖျက်ရင် ဆယ်လုံးပေါ်နေသလိုဖြစ်နေတယ်” ဟုဒုရဲအုပ်ကပြောသည်။

တစ်ရွာမပြောင်းလူကောင်းမဖြစ်

Myanmar Now က ရရှိထားသော အစိုးရမှတ်တမ်းများအရ ၂ဝ၁၁ မှ ၂ဝ၁၅ အတွင်း မူးယစ်ဆေးနှင့် ပတ်သက်၍ ၃၅,၄၈၁ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်းသိရသည်။ ထိုသူတို့အနက် ၅,၂ဝဝ မှာ အမျိုးသမီးများဖြစ်သည်။

မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ဆောင်နေသည့် ရန်ကုန် UNODC ရုံးမှ ဒေါက်တာဝင်းမာက မူးယစ်ဆေးသုံးသူတို့ကို ဖမ်းဆီးထောင်ချခြင်း အစားဆေးဖြတ်စခန်းများသို့ ပို့ဆောင်ပေးခြင်း၊ ပညာပေးဟောပြောခြင်းများ ပိုမိုပြုလုပ်နေပြီဖြစ်ကြောင်း ပြောသည်။

ကလေးမြို့တွင် ပြည်သူ့ဆေးရုံနှင့် ဆက်သွယ်ပြီးမူးယစ်ဆေးဖြတ်ရန် ကြိုးစားကြသကဲ့သို့ AHRN  ဟုခေါ်ကြသည့် အာရှဒေသဆိုင်ရာမူးယစ်ဆေးနှင့် ဆက်နွယ်သော အန္တရာယ်လျော့ပါးရေးအဖွဲ့ (မြန်မာ) ၏ဆေးခန်းသို့ သွားရောက်သူများလည်းရှိသည်။

ဆယ်တန်းကျောင်းသားဘဝမှ ဆေးစွဲခဲ့သောကိုစည်သူဝင်းသည် ယမန်နှစ်ကစတင်ပြီးဆေးဖြတ်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရှိသေးဘဲအကြိမ် ၂ဝ ထက် မနည်းဆေးပြန်သုံးမိနေသောကြောင့် မူးယစ်ဆေးပေါများသည့် ဒေသတွင် မနေဘဲနေပြည်တော်ရှိ သူ့အစ်ကိုထံတွင် ပြောင်းရွေ့နေထိုင်မည်ဟုဆိုသည်။

ကလေးမြို့တွင် မကြာသေးမီက တွေ့ခဲ့ရသည့် ၃၅ နှစ်အရွယ် ကိုကြည်ရအောင်သည် မူးယစ်ဆေးကို ကာလအတန်ကြာသုံးစွဲခဲ့သူဖြစ်သည်။

“ဒီမှာကပစ္စည်းပေါတော့ မူးယစ်ဆေးဖြတ်မယ်ဆိုရင်တော့ ဒီမြို့က ထွက်ပြီးပတ်ဝန်းကျင်အသစ်ကို အမြန်ရှာမှဖြစ်မယ်ဆိုပြီး ကျွန်တော်စိတ်ကူးရခဲ့တယ်” ဟု ဒေသခံပရဟိတသမား ကိုကြည်ရအောင်က ရှင်းပြသည်။

ကိုကြည်ရအောင်က ပတ်ဝန်းကျင်အသစ်ရန်ကုန်သို့ ယာယီပြောင်းရွှေ့ နေထိုင်ခဲ့သည်။

“မြို့ပြန်ရောက်တော့လည်းလူတွေက ဘိန်းစားဆိုပြီးမယုံကြည်ကြဘူးဗျာ။ ပရဟိတအလုပ်တွေ အချိန်အကြာကြီးလုပ်ပြီးတော့မှ ခုလိုအခြေအနေမျိုးကိုပြန်ရတာပါ”ဟုကိုကြည်ရအောင်ကရှင်းပြသည်။

ဆင်းရဲမှှုနှင့် ချစားမှှု

UNODC ၏၂ဝ၁၅ကိန်းဂဏန်းများအရ မြန်မာပြည်သည် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာတွင် ဘိန်းစိုက်ပျိုးမှှုအများဆုံးနိုင်ငံ ဖြစ်နေသည်။

ဘိန်းမည်းစိုက်ပျိုးထုတ်လုပ်မှုကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် အဓိကတွေ့ရပြီး ချင်းတောင်တန်းတွင်လည်း စိုက်ပျိုးမှု ရှိနေသည်။

ချင်းတောင်တန်းမှ ထွက်သောဘိန်းမည်း၏ အနီးဆုံးဈေးကွက်မှာလည်း ကလေးမြို့ ဖြစ်နေကြောင်း ဒေသအရေးလှုပ်ရှားဆောင်ရွက်နေသော ချင်းတိုင်းရင်းသူမလားရမ်ထန်းကဆိုသည်။

စိတ်ကြွဆေးပြားပြုလုပ်ရာတွင် အသုံးပြုသည့် ဆူဒိုအက်ဖီဒရင်းဆေးမှှုန့်သည်လည်း အိန္ဒိယ မြန်မာနယ်စပ်ဘက်မှ ဝင်နေပြီးဆေးမှှုန့်သယ်ဆောင်ရေးလုပ်ငန်းတွင် ပါဝင်သူအများစုသည်  ဆင်းရဲတွင်းနက်သောချင်းပြည်နယ်မှ ဖြစ်ကြောင်းသူကဆက်ပြောသည်။

ရာဇဝတ်မှု မကင်းသောဆေးမှှုန့်သယ်သည့် အလုပ်သည် ငွေရလွယ်ပြီး အရင်းအနှီးမလိုအပ်ဟု ဒေသခံတချို့ကပြောသည်။

မြို့ပေါ်ရှိ ချင်းတိုင်းရင်းသား အများအပြား နေထိုင်ရာတာဟန်း၊ ပင်လုံရပ်ကွက်တို့သည် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသည့် နေရာများတွင် ပါဝင်သည်။

တာဟန်းဒေသခံ ၃၈ နှစ် အရွယ်  ကိုထန်းကဆေးမှှုန့်သယ်ဆောင်ရာမှ အဖမ်းခံရပြီးအကျဉ်းထောင်တွင် နှစ်အနည်းငယ် နေထိုင်ခဲ့ဖူးသူဖြစ်သည်။  

“အဲဒီပစ္စည်းတွေကိုဘယ်အိမ်မှာစုဆိုပြီးတော့ ကျွန်တော်တို့အထက်ကလူကညွန်ကြားတယ်။ ပြီးတော့မှ အဲဒါတွေကိုစုစည်းပြီးသူကမန္တလေးကိုသယ်တယ်”ဟုချင်းတိုင်းရင်းသားကိုထန်းကပြောပြသည်။

ကလေးမြို့ အကျဉ်းထောင်၊ ရဲဘက်စခန်းတို့ရှိ   အကျဉ်းသား ၆ဝ ရာခိုင်နှှုန်းမှာမူးယစ်မှှုနှင့် ဆက်စပ်နေကြောင်းသူကဆက်ပြောသည်။

ဒေသတွင်းမူး ယစ်ဆေးရောင်းလက်အငယ်စားများသာ ဖမ်းဆီးရမိပြီးအကြီးအကျယ် ဖြန့်နေသူတို့ လွတ်မြောက်နေခြင်းမှာရဲတပ်ဖွဲ့တွင်း ခြစားနေခြင်းကြောင့်ဖြစ်မည်ဟု ကလေးမြို့ခံတချို့က သံသယရှိနေကြသည်။

ကလေးခရိုင်၊ ရဲတပ်ဖွဲ့ဒုတိယရဲမှုးကြီး တင်ဇော်ထွန်းက ခရိုင်အတွင်း ရဲတပ်ဖွဲ့ဝင်များသန့်ရှင်းနေပြီဟု ဆိုသည်။

၂ဝ၁၃ ခုနှစ်တွင် ရဲဌာနချုပ်မှ အရာရှိများလာရောက် စစ်ဆေးပြီးနောက် ဤဒေသမှ ရဲအများအပြားတာဝန်မှ ရပ်ဆိုင်းခံရခြင်း၊ ထောင်ဒဏ် ချမှတ်ခံရခြင်းတို့နှင့် ရင်ဆိုင်ခဲ့ရသည်ဟုပြောသည်။

 “အဲဒီတုန်းကတည်းကမူးယစ်ဆေးနဲ့ပတ်သက်တဲ့ တပ်ဖွဲ့ဝင်၊ အရာရှိတော်တော်များများကိုလည်း ပြောင်းရွှေ့လိုက်ပြီဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးလုံးဝမရှိတော့ပါဘူး” ဟုဒုရဲမှူးကြီးကရှင်းပြသည်။

မူးယစ်ရာဇာတို့ကို ခြေရာခံနိုင်ခြင်းမရှိသေးဟူသော အချက်မှာ ယုံရခက်ကြောင်း ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူကယူဆသည်။

“တကယ်မသိတာလား၊ သိပြီးတော့မလုပ်နိုင်တာလားပေါ့။ လျှို့ဝှက်ချက်တော့ အများကြီးရှိနိုင်ပါတယ်” ဟု ချင်းတိုင်းရင်းသူဒေါ်အေးအေးမူကပြောသည်။      ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly