အာဆီယံ-ဥရောပထိပ်သီးညီလာခံတက်ရောက်ရန် မွန်ဂိုလီးယားသို့ သမ္မတဦးထင်ကျော် သွားရောက်မည်

အာဆီယံ-ဥရောပထိပ်သီးညီလာခံတက်ရောက်ရန် မွန်ဂိုလီးယားသို့ သမ္မတဦးထင်ကျော် သွားရောက်မည်
ဓာတ်ပုံ-မင်းမင်း

မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်က မွန်ဂိုလီးယားသို့ သွားရောက်မည်ဖြစ်ကာ မြို့တော် ဥလန်ဘာတောတွင် ကျင်းပမည်ဖြစ်သော ၁၁ ကြိမ်မြောက် အာဆီယံ-ဥရောပထိပ်သီးညီလာခံ ASEM သို့ တက်ရောက်မည်ဖြစ်ကြောင်း ဇူလိုင် ၁၀ ရက် အစိုးရထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။

ပြီးခဲ့သည့် လအတွင်းက မွန်ဂိုလီးယားသမ္မတ Tsakhiagiin Elbegdorj မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီးနောက် သမ္မတဦးထင်ကျော်အနေဖြင့် အပြန်အလှန်ခရီးစဉ်အဖြစ်လည်း သွားရောက်ခြင်းဖြစ်မည်ဖြစ်သည်။ အဆိုပါ ASEM ညီလာခံအား ဇူလိုင် ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ မွန်ဂိုလီးယားသမ္မတ လာရောက်ခဲ့စဉ်က နေပြည်တော်တွင် သမ္မတဦးထင်ကျော်နှင့် တွေ့ဆုံခဲ့ကာ အပြန်အလှန်ဆက်ဆံရေးမြှင့်တင်ရေးနှင့် ယဉ်ကျေးမှုခြင်း ဖလှယ်ကာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် မိတ်ဖက်ပြုရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

မွန်ဂိုလီးယားသမ္မတက မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီး မွန်ဂိုလီးယား-မြန်မာစီးပွားရေးကောင်စီတစ်ရပ်ကို တည်ထောင်ခဲ့သည်။

မွန်ဂိုလီးယားနှင့် မြန်မာနိုင်ငံသည် သံတမန်ဆက်ဆံရေး ၁၉၅၆ ခုနှစ်မှ စတင်တည်ထောင်ခဲ့ကာ ယခုနှစ်တွင် နှစ် ၆၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

Ref: ဆင်ဟွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly