ချောင်းဦး၌ ဖရဲ၊ သခွား စိုက်ပျိုးရေးအတွက် လုပ်သားရှား ပါးမှု သက်သာစေရန် ကြိုးပမ်း

ချောင်းဦး၌ ဖရဲ၊ သခွား စိုက်ပျိုးရေးအတွက် လုပ်သားရှား ပါးမှု သက်သာစေရန် ကြိုးပမ်း

မုံရွာ၊ ဇူလှိုင် ၉ ။                 ။ ချောင်းဦးမြို့နယ်မှ ဖရဲ၊ သခွား စိုက်ပျိုးသူများ အတွက် လုပ်သားရှားပါး မှုကြုံတွေ့နေရသည့် အခက်အခဲများ သက်သာ စေရန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ ဖရဲသခွားစိုက်ပျိုး သူများအသင်း (စစ်ကိုင်းတိုင်း) ဥက္ကဌ ဦးစိုးလွင်က ပြော သည်။

 တစ်နိုင်တစ်ပိုင် ပေါင်းရှင်းဘောင်တင်စက်များ ရောင်းချပေးမည့် ကုမ္ပဏီနှင့် ဆက်သွယ်ကာ သခွားမွှေးအများစု စိုက် ပျိုးကြသည့် မင်းတည်ကျေးရွာရှိ စိုက်ခင်းအတွင်း ဇူလှိုင် ၉ ရက်က သရုပ် ဖော်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

"ထယ်ရေးထိုးမယ်၊ ပြီးရင် ပလက်စတစ်အုပ်မယ်၊ ဒါတွေအတွက် ငှားရတဲ့ တောင်သူလုပ်သားရှားပါးလာတယ်၊ ဒါ့ကြောင့်မို့ တစ်နိုင်တစ်ပိုင် ထယ်ရေးထိုးစက်(ပေါင်းရှင်းဘောင်တင်စက်) တွေနဲ့ လုပ်ဖို့ လက်တွေ့သရုပ်ပြတယ်။ လုပ်သားရှားပါးမှုကို သက်သာစေတယ်၊" ဟု ဖရဲသခွားစိုက်ပျိုးသူများအသင်း ဥက္ကဌ ဦးစိုးလွင်က ပြောသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချောင်းဦးမြို့နယ်သည် ဖရဲ၊သခွား စိုက်ပျိုးမှု အများဆုံးဖြစ်ပြီး တစ်နှစ်လျှင် စိုက်ဧက (၈၀၀၀) ခန့်ရှိကာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်း ချပေးနေကြောင်း သိရသည်။

"ဖရဲ၊ သခွားမွှေး စိုက်ပျိုးမှုဟာ ချောင်းဦး မြို့နယ်က စိုက်ပျိုးမှုအများဆုံးပဲ၊ စိုက်ပျိုးသူ တောင်သူ (၂၀၀၀)ကျော်ရှိတယ်၊ တစ်နှစ်လုံး စိုက်ဧက (၈၀၀၀)ကျော် ခန့်ရှိမယ်။ အထွက်ကောင်းရင်တော့ ၁၅ တန်လောက် ထွက်တယ်" ဟု ၎င်းက ရှင်းပြသည်။

ချောင်းဦးမြို့နယ်သည် ဖရဲနှင့် သခွားမွှေးကို စိုက်ပျိုးမှုအများဆုံးဖြစ်သည့်အတွက် တောင်သူများနှင့် ကိုက်ညီမည့် ပေါင်းရှင်းဘောင်တင်စက်အား လာရောက် သရုပ်ပြရောင်းချခြင်းဖြစ်ကြောင်း မြန်မာအောင်သီဟကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ကိုကြည်သူအောင်က ပြောသည်။

"ဖရဲသခွားမွှေး စိုက်ပျိုးသူတွေအတွက် ပေါင်းရှင်းဘောင်တင် လို့ရမယ်၊ တခြားသီးနှံတွေအတွက်တော့ ပေါင်းရှင်းလို့ ရတယ်။ အရစ်ကျ စနစ်နဲ့ ရောင်းချပေးဖို့ထိ စီစဉ်ထားတယ်" ဟု ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly