မိုင်ဂျာယန်တွင်ပြုလုပ်မည့် မျက်နှာစုံညီအစည်းဝေးအတွက် အချက် ၁၃ချက် သဘောတူညီ

မိုင်ဂျာယန်တွင်ပြုလုပ်မည့် မျက်နှာစုံညီအစည်းဝေးအတွက် အချက် ၁၃ချက် သဘောတူညီ

ချင်းမိုင်၊ ဇူလိုင် ၉ ။            ။ ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးအတွက် ဖြစ်မြောက်ရေးကော်မတီ၊ ကျင်းပရေးကော်မတီများကို ဖွဲ့စည်းခြင်း အပါအဝင် အချက် ၁၃ ချက်ကို သဘောတူဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၈ ဖွဲ့ NCA လက်မှတ် မထိုးသေးသော အဖွဲ့အစည်း ခေါင်းဆောင်များက မိုင်ဂျာယန်တွင် ပြုလုပ်မည့် မျက်နှာစုံညီ အစည်းအဝေးအတွက် အကြို တွေ့ဆုံ ဆွေးနွေးမှုကို ဇူလိုင်လ ၈ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ KhumPhucome ဟိုတယ်တွင် ကျင်းပကာ သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ဒီဆွေးနွေးပွဲမှာ ၁၃ ချက်လောက်ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများရဲ့ မျက်နှာစုံညီ အစည်းအဝေးကို ဒီလနောက်ဆုံးပတ်မှာ မိုင်ဂျာယန်မှာပြုလုပ်ဖို့ လျာထားပါတယ်။ အဲတော့ ဒီအစည်းအဝေးကြီး ဖြစ်မြောက် ရေးအတွက် ကော်မတီ နှစ်ရပ်ကို ဖွဲ့စည်းပါတယ်။ အဲကော်မတီ နှစ်ရက်ကတော့ အစည်းအဝေးအတွက် ပြင်ဆင်ရေး ကော်မတီတခုကို အဖွဲ့ဝင် ၈ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ နောက်ကော်မတီတခုက အစည်းအဝေးကျင်းပရေးကော်မတီ ဆိုပြီးတော့ ၁၀ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီကော်မတီ နှစ်ရပ်နဲ့ကျင်းပပြလုပ်ဖို့ ကျနော်တို့ ဒီအစည်းအဝေးကနေ ဆုံးဖြတ်ပါတယ်”ဟု နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN) ခေါင်းဆောင် ခူဦးရယ်က သတင်းထောက်များကို ပြောသည်။

အစည်းအဝေး ဖြစ်မြောက်ရေးကော်မတီတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) မှ အထွေထွေအတွင်းရေးမှူး ဦးလနန်ကို ဥက္ကဌအဖြစ် တာဝန်ပေးထားပြီး အစည်းအဝေး ကျင်းပရေး ကော်မတီ ဥက္ကဌအဖြစ် DPN ခေါင်းဆောင် ခူဦးရယ်၊ ဒုဥက္ကဌ(၁)မှာ ကရင်အမျိုးသား အစည်းအရုံး (KNU)မှ ပဒိုကွယ်ထူးဝင်းနှင့် ဒုဥက္ကဌ(၂)အဖြစ် KIO မှ ဗိုလ်ချုပ် ဂွမ်မော်တို့ တာဝန်မည်ဖြစ်ပြီး အတွင်းရေးမှူးများအဖြစ် RCSS/SSA မှ ဗိုလ်မှူးကြီး စိုင်းလ၊ တွဲဘက် အတွင်းရေးမှူးအဖြစ် မွန်ပြည်တစ်ပါတီမှ နိုင်ရွှေသိန်းတို့ကို တာဝန်ပေးလိုက်သည်ဟု သိရသည်။

မျက်နှာစုံညီ အစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၂၁ ဖွဲ့အား ဖိတ်ကြားသွားမည် ဖြစ်ပြီး ပြည်တွင်းမှ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းများဖြစ်သော စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA)၊ တိုင်းရင်းသား ၂၃ ပါတီဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း(NBF)နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB တို့ကိုလည်း ဖိတ်ခေါ်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

ဇိုမီးပြန်လည်သွေးစည်းညီညွတ်ရေးအဖွဲ့(RZO)မှလည်း မိုင်ဂျာယန်တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တေ်ာ လှန်ရေး အဖွဲ့အစည်းများ အစည်းဝေးသို့ တက်ရောက်ရန် UNFC ဥက္ကဌသို့ လိပ်မူ၍ မေတ္တာရပ်ခံစာ ပေးပို့ထားသော်လည်း  RZO အဖွဲ့အစည်း၏ ဖွဲ့စည်းပုံနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၏ လောခီးလာ ညီလာခံတွင် ချမှတ်ထားသည့် မူနှင့် ကိုက်ညီမှုမရှိသဖြင့် တက်ရောက်ခွင့် မရှိကြောင်း စာပြန်မည်ဟုလည်း ခူဦးရယ်က ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကို တရားဝင် ကျင်းပနိုင်ရေးအတွက် အစိုးရထံသို့ တရားဝင် အသိပေးစာပေးပို့သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

အစည်းအဝေးကို လာမည့် ဇူလိုင်လ ၂၇ ရက်မှ ၂၉ ရက်တွင် ကျင်းပရန် သဘောတူ ချမှတ်လိုက်ပြီး အဓိက ဆွေးနွေးမည့် အချက်များကို လာမည့် ဇူလိုင်လ ၁၃ ရက်တွင် ကျင်းပသော အကြိုအစည်းအဝေးတွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။

 “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ညီလာခံအတွက် ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးဖြစ်တယ်။ ဒုတိယအချက်က ကျနော်တို့တိုင်းရင်းသားတွေ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့အတွက် တိုင်းရင်းသား အခြေခံ မူသဘောထားရ တည်ချက်ကို ရယူဖို့ အဓိက ရည်ရွယ်ချက်ပါ”ဟု  KNU မှ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က NCA လက်မှတ်မထိုးသေးသည့် အဖွဲ့အစည်းများလည်း ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်မည် ဆိုပါက ရရှိမည့် အခွင့်အရေးကို နည်းလမ်းရှာရန် ဇူလိုင်လ ၅ ရက်က မူဝါဒ ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly