အင်ဒိုနီးရှားတွင် သုံးရက်ကြာ ယာဉ်ကြောပိတ်ဆို့မှုအတွင်း ၁၂ ဦးသေဆုံး

အင်ဒိုနီးရှားတွင် သုံးရက်ကြာ ယာဉ်ကြောပိတ်ဆို့မှုအတွင်း ၁၂ ဦးသေဆုံး

ဇူလိုင် ၈ ။            ။ အင်ဒိုနီးရှားနိုင်ငံတွင် သုံးရက်တာအထိ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး လူ ၁၂ ဦးထိ သေဆုံးခဲ့ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယာဉ်တန်း၏ အရှည်မှာ စုစုပေါင်း ကီလိုမီတာ ၂၀ ကျော် (၁၃ မိုင်) အထိ ရှိခဲ့ပြီး အားလပ်ရက် ခရီးထွက်သူ ထောင်ပေါင်းများစွာကို လမ်းပေါ်တွင် စုပြုံသောင်တင်စေခဲ့သည်ဟု အာဏာပိုင်များက ဇူလိုင် ၈ ရက်တွင် ပြောကြားသည်။

ယာဉ်ကြောပိတ်ဆို့နေခဲ့စဉ်အတွင်း သေဆုံးသွားသူများထဲမှ အများစုမှာ သက်ကြီးရွယ်အိုများ ဖြစ်ပြီး အချို့မှာ မောပန်းနွမ်းနယ်မှုနှင့် အခြားရောဂါများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ဂျာဗားကျွန်းရှိ မြို့တစ်မြို့ဖြစ်သော Brebes မြို့ရှိ အဓိကအဝေးပြေးလမ်းမပေါ်တွင် ယခုယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း မွတ်ဆလင်ဥပုသ်လ ကုန်ဆုံးချိန်ရောက်တိုင်း မွတ်ဆလင်ဘာသာဝင်အများစုနေထိုင်သော ယင်းနိုင်ငံရှိ လမ်းများတွင် ပိတ်ဆို့တန့်အီမှုများ ဖြစ်ပေါ်ခဲ့လေ့ရှိသော်လည်း ယခုနှစ်တွင်မူ နိုင်ငံသားသန်းပေါင်းများစွာမှာ ဥပုသ်လ ကုန်ဆုံးသည့်အထိမ်းအမှတ်ပွဲများကျင်းပရန် ကျေးရွာများသို့ သွားရောက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရက်ပေါင်းများစွာကြာ ကားလမ်းများ ပိတ်ဆို့နေခဲ့ခြင်းဖြစ်သည်။

" ဒီနှစ် ဥပုသ်လကုန်ချိန်မှာ ဖြစ်တဲ့ လမ်းပိတ်တာက အရင်နှစ်တွေနဲ့မတူတော့ပါဘူး၊ ဒီနှစ်မှာ သုံးရက်လောက်ထိ လမ်းတွေမှာ ပိတ်နေခဲ့ပါတယ်၊ ကားစီးရေပေါင်းထောင်ကျော်လောက်ဟာ အဝေးပြေးလမ်းမပေါ်မှာ ပြွတ်သိပ်ကျပ်ညပ်နေခဲ့ပါတယ်" ဟု ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဟာမီပရာမူရာဟာဂျိုက ပြောသည်။

" ဒီနှစ် ယာဉ်ကြောပိတ်ဆို့မှုဖြစ်လာတော့ သေဆုံးသူ ၁၂ ဦးထိ ရှိခဲ့ပါတယ်၊ တစ်နေ့တည်းဖြစ်တာတော့မဟုတ်ပါဘူး၊ ဇူလိုင် ၃ ရက်နဲ့ ၅ ရက်တွေမှာဖြစ်ကြတာပါ၊ အများစုကတော့ သက်ကြီးတွေ အမောမခံနိုင်ပဲ ဆေးဝါးအကူအညီမရလို့ သေသွားခဲ့တာပါ၊ တစ်ယောက်ဆိုရင်လည်း မီးခိုးငွေ့က အဆိပ်အတောက်တွေကြောင့် သေဆုံးခဲ့ရပါတယ်" ဟု ၎င်းက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly