မန်ယူဂိုးသမား ဗဲလ်ဒက်စ်ကို ပရီးမီးယားလိဂ်တန်းတက် မစ်ဒယ်ဘရော့အသင်းခေါ်ယူ

မန်ယူဂိုးသမား ဗဲလ်ဒက်စ်ကို ပရီးမီးယားလိဂ်တန်းတက် မစ်ဒယ်ဘရော့အသင်းခေါ်ယူ

ဇူလိုင် ၈၊ အင်္ဂလန် ။            ။ ပရီးမီးယားလိဂ်တန်းတက် မစ်ဒယ်ဘရော့အသင်းသည် မန်ယူအသင်းမှ စပိန်ဂိုးသမား ဗစ်တာဗဲလ်ဒက်စ်ကို ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

ဘာစီလိုနာဂိုးသမားဟောင်း ဗဲလ်ဒက်စ်သည် မန်ယူအသင်းတွင် ၁၈ လကြာ ရှိနေခဲ့သော်လည်း ပွဲထွက်ကစားခွင့်မရဘဲ ရုန်းကန်ခဲ့ရသည်။ ဗဲလ်ဒက်စ်သည် ပြီးခဲ့သည့်ရာသီက ဘယ်လ်ဂျီယံကလပ် စတမ်းဒက်လီဂီသို့ အငှားသွားရောက်ကစားခဲ့ပြီး ယခုနွေရာသီတွင် မန်ယူအသင်းမှ ထုတ်ပယ်ခံထားရသူ ဖြစ်သည်။

အသက် ၃၄ နှစ်အရွယ်ရှိ ဗဲလ်ဒက်စ်သည် ဘာစီလိုနာအသင်းတွင် ၁၂ နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး လာလီဂါဖလား ခြောက်ကြိမ်နှင့် ချန်ပီယံလိဂ်ဖလား သုံးကြိမ် ရရှိခဲ့ဖူးသူ ဖြစ်သည်။

ဗဲလ်ဒက်စ်ကို ခေါ်ယူနိုင်ပြီးနောက်တွင် မစ်ဒယ်ဘရော့နည်းပြ ခရန်ကာက ‘ဗဲလ်ဒက်စ်ကို ခေါ်ယူနိုင်တာက တန်းတက်အသင်းတစ်သင်းအနေနဲ့ ပုံမှန်ကစားသမားခေါ်ယူနိုင်တာမျိုး မဟုတ်ပါဘူး။ သူ့ကို ခေါ်နိုင်ခဲ့လို့ ကျွန်တော်ဘယ်လောက်အထိ ပျော်နေလဲဆိုတာ ခင်ဗျားတို့ ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး’ ဟု ပြောဆိုခဲ့သည်။

ဗစ်တာဗဲလ်ဒက်စ်သည် ယခုနှစ်ရာသီတွင် မစ်ဒယ်ဘရော့အသင်း၏ ငါးယောက်မြောက် ကစားသမားခေါ်ယူမှု ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly