ဇွန်လအတွင်း နိုင်ငံရေး အကျဉ်းသားအဖြစ် ဖမ်းခံရသူ ၂၄ဦးရှိကာ အကျဉ်းထောင်များအတွင်း နိုင်/ကျဉ်းစုစုပေါင်း ၁၆၉ဦးရှိနေ

ဇွန်လအတွင်း နိုင်ငံရေး အကျဉ်းသားအဖြစ် ဖမ်းခံရသူ ၂၄ဦးရှိကာ အကျဉ်းထောင်များအတွင်း နိုင်/ကျဉ်းစုစုပေါင်း ၁၆၉ဦးရှိနေ
သာယာဝတီအကျဉ်းထောင်ကျောင်းသားများကို လက်ပံတန်းတရားရုံးတွင် ၂၀၁၅ခုနှစ် မတ်လအတွင်းက ရုံးထုတ်စဉ်။ (ဓာတ်ပုံ-အီးပီအေ)

ရန်ကုန်၊ ဇူလိုင် ၈ ။     ။ ၂၀၁၅ ဇွန်လ တစ်လအတွင်း နိုင်ငံရေးအကျဉ်းသားအဖြစ် ၂၄ဦး ထပ်မံဖမ်းဆီးခံရပြီး ဇွန်လကုန်ထိ စာရင်းအရ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၆၉ဦး ရှိသည်ဟု နိုင်/ကျဉ်း ကူညီစောင့်ရှောက်ရေး အဖွဲ့ မြန်မာပြည်ရုံး တာဝန်ခံ ကိုအောင်မျိုးကျော်က မဇ္ဈိမကို ပြောသည်။

ဇွန်လကုန်အထိ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၁၆၉ ဦး ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ၄၄၆ ဦးသည် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ဇူလိုင် ၈ရက်တွင်  ထုတ်ပြန်လိုက်သည်။

"နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ UN ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို ဒီထုတ်ပြန်ချက်ကို ပေးပို့ ထားတယ်။ အဲဒီကနေ နိုင်ငံတော်အစိုးရကို နိုင်/ကျဉ်းတွေ ဒီ်လောက်ရှိနေတယ် ဆိုတာကို  ဖိအားပေးဖို့ အတွက်ကို ထုတ်ပြန် လိုက်တာပါ" ဟု ကိုအောင်မျိုးကျော်ကပြောသည်။

ဇွန်လအတွင်း ဖမ်းဆီးခံထားရသူ ၂၄ဦးတွင် သံဃာတော် တစ်ပါး ပါဝင်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၇ ဦးမှာထောင် ဒဏ်နှင့်ငွေဒဏ်များ ချမှတ်ခံရကာ နိုင်ငံရေး အကျဉ်းသား ၇ဦးမှာ ပြစ်ဒဏ်ကျခံပြီး ပြန်လွတ်လာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် လက်ရှိအကျဉ်းကျခံ နေရသည့် နိုင်ငံရေးအကျဉ်းသား လေးဦး၏ ကျန်းမာရေး အခြေအနေများကိုလည်း အစီရင်ခံစာ တွင်ထည့်သွင်း ရေးသားထားသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွင်းခံရပြီး သာယာဝတီအကျဉ်းထောင် တွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် ကျောင်းသားများ နှင့် ရန်ကုန်မြို့တွင် တရားရင်ဆိုင်နေရသည့် နိုင်ငံရေး အကျဉ်း သားဟောင်းများ အတွက် ပုံမှန် ထောက်ပံ့မှုများ ပေးနေသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly