ပေါ်တူဂီအသင်း ယူရိုဖလားရရှိနိုင်သည်ဟု စီရော်နယ်ဒို ယုံကြည်

ပေါ်တူဂီအသင်း ယူရိုဖလားရရှိနိုင်သည်ဟု စီရော်နယ်ဒို ယုံကြည်

ဇူလိုင် ၇၊ ပြင်သစ် ။             ။ ယူရို ၂၀၁၆ ဆီမီးဖိုင်နယ်တွင် ပေါ်တူဂီအသင်းက ဝေးလ်အသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရပြီးနောက် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုက ၎င်းတို့အသင်း ယူရိုဖလားကို ရရှိနိုင်သည်ဟု ယုံကြည်ကြောင်း ပြောဆိုလိုက်သည်။

စီရော်နယ်ဒိုသည် ထိုပွဲတွင် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီး ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည်။

ပွဲအပြီးတွင် စီရော်နယ်ဒိုက ‘ပြိုင်ပွဲမစခင်ကတည်းက ဖလားရဖို့ အိပ်မက်ခဲ့တာပါ။ ဗိုလ်လုပွဲမှာ ဝမ်းသာတဲ့ မျက်ရည်တွေ အပြုံးတွေနဲ့ အဆုံးသတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ပေါ်တူဂီအသင်းနဲ့အတူ ဆုဖလားရဖို့ အမြဲအိပ်မက်ခဲ့တယ်ဆိုတာ ကျွန်တော် အမြဲပြောခဲ့ပါတယ်။ ဒီလိုဖြစ်လာဖို့ အရမ်းနီးစပ်နေပါပြီ။ ကျွန်တော်တို့ ချန်ပီယံဖြစ်မယ်လို့ ယုံကြည်နေပါတယ်’ ဟု ပြောဆိုခဲ့သည်။

စီရော်နယ်ဒိုသည် ထိုပွဲတွင် တစ်ဂိုးသွင်းနိုင်ခဲ့သည့်အတွက် ပြင်သစ်ဂန္ထဝင်ကစားသမား ပလာတီနီ၏ ယူရိုသွင်းဂိုး ၉ ဂိုးစံချိန်ကို လိုက်မီသွားခဲ့သည်။ ထို့အပြင် ယူရိုသမိုင်းတွင် ဆီမီးဖိုင်နယ် သုံးကြိမ်(၂၀၀၄၊ ၂၀၁၂၊ ၂၀၁၆) ကစားဖူးသည့် ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီး ယူရိုပြိုင်ပွဲတွင် ပွဲအများဆုံးကစားထားသူလည်း ဖြစ်လာခဲ့သည်။

စီရော်နယ်ဒိုမှာ ယူရိုပွဲစဉ် ပွဲ ၂၀ အထိကစားထားပြီး အီတလီဂိုးသမားဘတ်ဖွန်နှင့် ရှဝိန်းစတိုင်ဂါတို့မှာ ၁၇ ပွဲစီကစားထားကြသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly