ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ပေါ့ဂ်ဘာကို ခေါ်ယူရန် မန်ယူအသင့်ရှိနေ

ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ပေါ့ဂ်ဘာကို ခေါ်ယူရန် မန်ယူအသင့်ရှိနေ

ဇူလိုင် ၇၊ အင်္ဂလန် ။               ။ မန်ယူအသင်းသည် ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ ဖြင့် ခေါ်ယူရန် အဆင်သင့်ရှိနေသည်ဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြသွားခဲ့သည်။

မန်ယူအသင်းသည် ပေါ့ဂ်ဘာကို ငါးနှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်ပြီး ကစားသမားဘက်မှ အလိုရှိနေသော တစ်ပတ်လစာငွေ ပေါင် ၃ သိန်းကိုလည်း ပေးချေမည် ဖြစ်သည်။

ပေါ့ဂ်ဘာကို မန်ယူအသင်းအပြင် ရီးယဲလ်အသင်းကလည်း အလိုရှိနေသည်။ ပေါ့ဂ်ဘာနှင့်နီးစပ်သော အသိုင်းအဝိုင်းက ပြင်သစ်ကွင်းလယ်လူသည် မန်ယူထက် ရီးယဲလ်အသင်းသို့ သွားရန် ဆန္ဒရှိနေကြောင်း ပြောဆိုထားသည်။

သို့သော် လက်ရှိအချိန်တွင်မူ ပေါ့ဂ်ဘာ၏ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာနှင့် မန်ယူအသင်းတို့ ဆွေးနွေးလျက်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။ အေးဂျင့်ရွိုင်အိုလာမှာ အီဗရာဟီမိုဗစ်ချ်၏   အေးဂျင့်လည်းဖြစ်ပြီး မိုဗစ်ကို မန်ယူရောက်အောင် ပြုလုပ်ပေးခဲ့သူ ဖြစ်သည်။

ပေါ့ဂ်ဘာသည် မန်ယူနည်းပြကြီးဖာဂူဆန်၏လက်ထက်တွင် နေရာမရသောကြောင့် ၂၀၁၂ ခုနှစ်က အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့သွားသူဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းတွင် စီးရီးအေဖလားကို လေးကြိမ်အထိရယူပြီး ထိပ်တန်းကစားသမားတစ်ဦးအဖြစ် သက်သေပြနိုင်ခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly