ပြောင်းဝတ်ချိန်တန်ပြီ

ပြောင်းဝတ်ချိန်တန်ပြီ

ခုရက်ပိုင်းအတွင်း ဂျီနီဗာမှာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှု လျော့နည်းရေး ညီလာခံ ကျင်းပမယ်လို့ ကြားသိရပါတယ်။ မောင်မှန်တို့ဆီက အစိုးရမဟုတ်တဲ့ အမျိုးသမီး အဖွဲ့အစည်း ၅ ဖွဲ့က ကိုယ်စားလှယ်တွေ သွားတက်မယ်လို့ သိရတယ်။ ကောင်းပါတယ်။ ကမ္ဘာမှာရော ဗမာမှာပါ အမျိုးသမီးတွေ ခွဲခြားချိုးနှိမ် ဆက်ဆံခံနေရတာ အများကြီးမို့လား။ နည်းလမ်းပေါင်းစုံနဲ့ ဒုက္ခပေးနေကြတာလေ။ ဗမာပြည်မှာဆို ကချင်ဆရာမလေးနှစ်ယောက်ရဲ့ အဖြစ်ဆိုး၊ အိန္ဒိယမှာဆို အုပ်စုဖွဲ့ အနိုင်အထက် ပြုတဲ့ အဖြစ်ဆိုးတွေဟာ လူ့သမိုင်းမှာ အကျည်းတန်စွာ ထင်ကျန်ရစ်ခဲ့ပါပြီ။ နောက်ပြီး ပါကစ္စတန်ဘက်က မကြာခဏ ကြားရတတ်တဲ့ ကိစ္စ ရှိသေးတယ်။ ပေးစားသူကို မယူလို့ မိသားစုဂုဏ်သိက္ခာအတွက် ကိုယ့်သမီးကိုယ် ပြန်သတ်ကြသတဲ့လေ။   ကြောက်စရာကြီးနော်။ မောင်မှန်တို့ဆီမှာ ဒါလောက်ကြီးတွေ မလုပ်လို့ တော်သေးရဲ့။ ခေတ်ပေါ် ရက်(ပ်) စာသားတစ်ခုကိုလည်း အပြေးကလေး သတိရမိတယ်။ ဗျူဟာ ဆိုထားတယ်ထင်တာပဲ။ မင်းမိဘပေးစားတဲ့ သူဌေးသား ချီးထုတ်နဲ့ ယူလိုက်ပါတဲ့။ ရည်းစားကောင်လေးက ကောင်မလေးကို တိုက်တွန်းထားတာ။ (မယူရင် ပါကစ္စတန်နည်း သုံးမှာလား မသိဘူး။)

ပြည်တွင်း သတင်းမားတွေကလည်း အမျိုးသမီးတွေအတွက် သိပ်မကောင်းဘူး။ ကျိုက်ထီးရိုးဘုရားပွဲတော်မှာ ရောင်းတဲ့ ဝါးသေနတ်ကြီးတွေ သိတယ်မို့လား။ အဲဒီသေနတ်ကြီးတွေပေါ်မှာ ရေးလေ့ရှိတဲ့ စာသားအတိုင်း ဖြစ်နေတယ်။ စာသားက ပြန်မချစ်ရင် သတ်ပစ်မယ်တဲ့။ အခုဟာက အဲဒီထက်တောင် နည်းနည်းပိုမယ် ထင်တယ်။ အဆက်ဖြတ်ရင်လည်း သတ်ပစ်မယ်ပဲ။ အဆက်ဖြတ်လိုက်လို့တဲ့၊ စိမ်းကားတဲ့စကားတွေ ပြောလို့တဲ့၊ ကတ်ကြေးနဲ့ထိုး၊ ဓါးနဲ့ထိုးကြသတဲ့။ အတောင်နှစ်ဆယ်ဝတ် မင်းယောကျ်ားကြီးတွေ၊ ဘုရားဆုပန်နိုင်တဲ့ မင်းယောကျ်ားကြီးတွေ ဉာဏ်ပညာအရာကျ ဘာမှ ဝန်မထားကြဘူး။ ဘာဆုမှ မပန်နိုင်ကြဘူး။ ဒီလို ကိစ္စတွေက သတင်းစာထဲမှာ တခါတလေ အနည်းဆုံး ဖတ်နေရတယ်။ မိန်းကလေး သစ္စာဖောက်တယ်ပဲထား၊ သူ့လမ်းသူသွား၊ ကိုယ့်လမ်းကိုယ်သွားရုံပေါ့။ သစ္စာမရှိသူကိုမှ ချစ်မိလေခြင်းဆိုပြီး ကတ်ကြေးနဲ့ ထိုးချင်ထိုး၊ ကိုယ့်ကိုကိုယ်ပဲ ထိုးပေါ့၊ ဟုတ်ဖူးလား။ မောင်မှန် မဘက်လိုက်ပြီး မိုက်ဘက်ပါ ရေးနေတာ မဟုတ်ပါဘူး။ အင်မတန် နာကျည်းစရာကောင်းတဲ့ သစ္စာဖောတ်ခံရမှုမျိုးလည်း ရှိနိုင်ပါတယ်။ သို့သော်လည်းပေါ့လေ သူ့တရား သူစီရင်လိမ့်မယ်လို့သာ စဉ်းစားသင့်တယ် ထင်တာပါပဲ။ ငါမင်းကို သတ်ချင်တယ်ဆိုတာ သီချင်းအဖြစ်သာ နားထောင်ကောင်းတာပါ။ အကောင်အထည်ဖော်ဖို့ ကြိုးစားရင်တော့ သိပ်လွယ်မှာ မဟုတ်ပါဘူး။

ဒီရက်ပိုင်း ဖတ်ရတဲ့ နိုင်ငံတကာ သတင်းတစ်ပုဒ်ကလည်း ဒီလို၊ တရုတ်ဝက်ဘ်ဆိုက်တစ်ခုက တေလာဆွစ်ရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး လောင်းကြေး ဖွင့်ပါသတဲ့။ ဆွစ်က သရုပ်ဆောင် တွမ်ဟစ်ဒယ်စတန်နဲ့ တွဲနေသတဲ့။ အဲဒါကို တရုတ်အွန်လိုင်း ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်တစ်ခုက သူတို့နှစ်ယောက် လမ်းခွဲ၊ မခွဲ လောင်းကြေးထပ်ခဲ့တာပါ။ ခြောက်လကနေ တစ်နှစ်အတွင်း သူတို့စုံတွဲ လမ်းခွဲခဲ့ရင် ထိုးတဲ့ငွေရဲ့ အလျော် နှစ်ဆရမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို လူတွေ အတော် စိတ်ဝင်စားကြပါတယ်။ တစ်လအတွင်း ၅၃၄ ခုအထိ စံချိန်တင် ရောင်းအားရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ အခုတော့ ဒီလောင်းကြေး ဖွင့်မှုကို ပြန်လည်ရုပ်သိမ်းသွားခဲ့ပါပြီ။ ရုပ်သိမ်းမှပဲ မောင်မှန် သိရတာပါ။ ဆွေးနွေးတွေးခေါ်စရာလေးတွေတော့ ရှိလာတာပေါ့လေ။

အမှတ်တမဲ့ ကြည့်လိုက်ရင် ဒီကိစ္စဟာ အပျော်သဘောလိုလို၊ ဘာလိုလိုပါ။ (မောင်မှန်တစ်ယောက်တည်းအနေနဲ့) သေချာစဉ်းစားကြည့်တဲ့အခါ အမျိုးသမီးတစ်ယောက် သူ့ဘဝလမ်း သူလျှောက်နေတာကို အလောင်းအစားလုပ်ကြတယ် ဆိုတဲ့ကိစ္စဟာ တယ်မနိပ်လှပါဘူး။ နောက်ပြီး ဂီတဂရမ်မီဆု ရ မရ လောင်းတာလည်း မဟုတ်ဘူး။ သူတစ်ပါး နှလုံးသားရေးကို လောင်းကြတာ တရားပါသလား။ မတရားတဲ့အပြင် စော်ကားမှုမြောက်တယ်လို့တောင် မောင်မှန် မြင်ပါတယ်။ ခုတော့ ပြန်ရုပ်သိမ်းသွားပါပြီ။ အာဏာပိုင်တွေက ဖိအားပေးလို့ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အသိကြောင့်ပဲဖြစ်ဖြစ်၊ ဘာကြောင့်ပဲဖြစ်ဖြစ် ကောင်းပါတယ်။ ဆိုရှယ်လစ် တရုတ်ပြည်ကြီးမှာ ဒီလိုအဖြစ်တွေ မရှိသင့်တော့ပါဘူး။ အမျိုးသမီးတွေ မလွတ်မြောက်သရွေ့ ဘာမှ မလွတ်မြောက်ဘူးဆိုတဲ့ စကားဟာ ဆိုရှယ်လစ်တွေ သုံးနှုံးခဲ့တာ မဟုတ်ပါလား ခင်ဗျာ။

မောင်မှန်တို့ ဗမာပြည်မှာတော့ ဒါမျိုးတွေ ကင်းရှင်းပါတယ်။ မရှိပါဘူး။ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဆိုတာကြီးကလည်း အခိုင်အမာ ရှိပေသကိုးခင်ဗျ။ ဒီအဖွဲ့ကြီးရဲ့ သက်တမ်းကလည်း မသေးလှပါဘူး။ ဟိုအရင် စစ်တစ်ခေတ်ကတော့ ကတော်တွေနဲ့ စုဖွဲ့ ထားခဲ့တာပါ။ ခုတော့ ဘယ်သူတွေ ဘယ်လိုလုပ်နေတယ် မောင်မှန် မသိပါဘူး။ မြန်မာအမျိုးသမီးနေ့ဆိုတဲ့ ဇူလိုင် ၃ ရက်နားရောက်ရင် ဗမာပြည် သရုပ်ဆောင်မမတွေ၊ မော်ဒယ်မမတွေ၊ အဆိုတော်မမတွေ၊ ဗမာဆန်ဆန်လေးနဲ့ နန်းမူဟန်သွေး ယဉ်ကျေးသိမ်မွေ့စွာ ဝတ်စားပြကြပါပြီ။ အမျိုးသမီးရေးရာ အဖွဲ့ကြီးက ပွဲသဘင်ကြီး နှစ်စဉ် ကျင်းပတယ်လေ။ အရင်က ဘာတွေဝတ်ခဲ့ ဝတ်ခဲ့၊ ဖြစ်ခဲ့ဖြစ်ခဲ့ ဇူလိုင်လဆန်းပိုင်းမှာတော့ မမတွေက အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းပြကြလေရဲ့။ ဘာပဲဖြစ်ဖြစ် ဝမ်းသာပါတယ်။ ကိုယ့်ယဉ်ကျေးမှုကိုယ် ထိန်းသိမ်းတာ တစ်ရက်တစ်မနက်ပဲ ဖြစ်စေ မောင်မှန် ကြိုဆိုပါတယ်။ အသွင်သဏ္ဍာန်တင်မက အနှစ်သာရအားဖြင့်ပါဆိုရင် ထပ်လောင်း ကြိုဆိုပါတယ် ခင်ဗျာ။

ဒီနှစ် ကျင်းပတဲ့ ပွဲကြီးမှာ အစီအစဉ် ကြေညာသူက ဒီနှစ်ပွဲဟာ အရင်နှစ်တွေနဲ့ မတူ တစ်မူထူးခြားတယ်လို့ ဆိုပါတယ်။ မြန်မာအမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးရပြီး ရင်ဘောင်တန်းနိုင်ကြောင်း ပြသတဲ့အနေနဲ့ အမျိုးသမီး မင်းသား၊ အမျိုးသမီး လူရွှင်တော်၊ အမျိုးသမီး ဆိုင်းအဖွဲ့ စတာတွေနဲ့ တင်ဆက်ကပြမှာ ဖြစ်တဲ့အကြောင်း ကြေညာပါတယ်။ မောင်မှန် နည်းနည်း အူကြောင်ကြောင် ဖြစ်သွားတယ်။ ဘယ့်နှယ် ဘယ့်နှယ် မိန်းမက ယောကျ်ာ(ဇာတ်မင်းသား) လို့ ဝတ်ပြီးက၊ အမျိုးသား လူရွှင်တော်တွေလို ဝတ်ပြီး ပျက်လုံးထုတ်။ အဲ ဆိုင်းတီးတာကတော့ ယောကျ်ားလို ဝတ်တီးသလား၊ မိန်းမလိုပဲ ဝတ်တီးသလား မောင်မှန် အာရုံမထားမိလို့ မသိလိုက်ဘူး။ ဘယ်လိုပဲဝတ်ပြီး တီးတီး၊ ပတ်ဗေဂျိဆို ပတ်ဗေဂျိလို့ပဲ အသံထွတ်မှာပါ။ ယောကျ်းတီးရင် တစ်မျိုးထွက်ပြီး မိန်မတီးရင် တစ်မျိုးထွက်မှာ မဟုတ်ပါဘူး။ ဒိုရေမီဖာဟာ ဒိုရေမီဖာပဲပေါ့။

ဒီပွဲသဘင်ကြီးရဲ့ အခြေခံ အယူအဆအရဆို ယောကျ်ားလျာတွေအားလုံးဟာ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးရပြီး ရင်ဘောင်တန်းနေတယ်ဆိုသည်အထိ အဓိပ္ပာယ် သက်ရောက်သွားတယ်။ ဟုတ်တယ်လေ။ ယောကျ်ားလျာတွေဆိုတာ ပွဲကမယ့်တစ်ည၊ နှစ်ညထဲ ယောကျ်ားလို ဝတ်စားတာ မဟုတ်ဘူး။ တစ်ဘဝလုံး ဝတ်လာတာ။ (တလောကတောင် ယောကျ်ားလျာတစ်ယောက်ကို အရက်မူးသမား ၃ ယောက်က မဖွယ်မရာ ပြုတဲ့သတင်း ဖတ်လိုက်ရသေးရဲ့) ဒီအတိုင်းသာဆို အမျိုးသမီးတွေအကုန် အမျိုးသားလို ပြောင်းဝတ်လိုက်တာနဲ့ လိင်ခွဲခြားဆက်ဆံမှုဆိုတာ ကမ္ဘာပေါ်မှာ ပျောက်သွားတော့မှာပါ။ ဗမာပြည်က စတင်တွေ့ရှိတာပါ။ မောင်မှန်ပြောတဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရဆိုတာ ဒါပါပဲခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly