အန်းကောဝပ်ဘုရားကျောင်းသို့ သရုပ်ပျက်အဝတ်အစားများဖြင့် လာရောက်လည်ပတ်သည့် ခရီးသွားများကို ကမ္ဘောဒီးယား တားမြစ်ပိတ်ပင်မည်

အန်းကောဝပ်ဘုရားကျောင်းသို့ သရုပ်ပျက်အဝတ်အစားများဖြင့် လာရောက်လည်ပတ်သည့် ခရီးသွားများကို ကမ္ဘောဒီးယား တားမြစ်ပိတ်ပင်မည်

ဇူလိုင် ၆ ။              ။ ကမ္ဘောဒီးယားနိုင်ငံရှိ ထင်ရှားကျော်ကြားသော အန်းကောဝပ် ဘုရားကျောင်းတော်ဝင်းအတွင်းသို့ အဝတ်အစားမလုံမခြုံ ဝတ်ဆင်ကာ လာရောက်လည်ပတ်သည့် ခရီးသွားများကို လာမည့် သြဂုတ်လမှစ၍ အဝင်ခံတော့မည်မဟုတ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်လိုက်သည်။

အန်းကောဝပ် ဘုရားကျောင်းဥယျာဉ်သို့ လာရောက်ရန် စီစဉ်ထားသော ခရီးသွားဧည့်သည်များအနေဖြင့် အဝတ်အစားများကို သင့်တင့်လျောက်ပတ်စွာ ဝတ်ဆင်လာကြရန် အဆိုပါ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို စီမံခန့်ခွဲပေးနေသော အဖွဲ့မှ ဒုတိယအကြီးအကဲ လောင်ကိုဆယ်လ် က ပြောကြားသွားသည်။ ယင်း ဘုရားကျောင်းဝင်းသို့ ဝင်ရန် လက်မှတ်ဝယ်ယူချိန်တွင် သရုပ်ပျက်ဝတ်စားထားသူများကို လက်မှတ်မရောင်းရန်လည်း အရောင်းဌာနကို ညွှန်ကြားထားမည်ဟု ဆိုသည်။

" ဘယ် နိုင်ငံခြား ခရီးသွားကိုမဆို မလုံ့တလုံ ဝတ်စားလာမယ်ဆိုရင်တော့ ဒီဘုရားကျောင်းထဲကို ဝင်ခွင့်ပေးတော့မှာမဟုတ်တော့ပါဘူး၊ ၂၀၁၆ သြဂုတ်လ ၄ ရက်ကနေ စပြီးတော့ ကြပ်မတ်သွားတော့မှာပါ" ဟု ကိုဆယ်လ်က ပြောကြားသွားသည်။

သရုပ်ပျက်အဝတ်အစားများ ဝတ်ဆင်လာခြင်းက ကမ္ဘောဒီးယား၏ ယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာနှင့် အမျိုးသမီးထု၏ အိန္ဒြေကို ပျက်ပြားစေသည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly