ဘဂ္ဂဒက်တိုက်ခိုက်မှုက အမေရိကန်ကျုးကျော်ပြီးနောက် အဆိုးဝါးဆုံးအဖြစ် သေဆုံး ၂၅၀ အထိ ရှိလာ

ဘဂ္ဂဒက်တိုက်ခိုက်မှုက အမေရိကန်ကျုးကျော်ပြီးနောက် အဆိုးဝါးဆုံးအဖြစ် သေဆုံး ၂၅၀ အထိ ရှိလာ

ဘဂ္ဂဒက်၊ ဇူလိုင် ၆ ။            ။ ဇူလိုင် ၃ ရက်က ဖြစ်ပွားသည့် အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်အတွင်း အသေခံဗုံးဖောက်ခွဲမှု၌ သေဆုံးသူဦးရေသည် ၂၅၀ အထိ တိုးမြင့်လာခဲ့ရာ ၂၀၀၃ ခုနှစ် နိုင်ငံအတွင်း အမေရိကန်ကျုးကျော်ပြီးနောက်ပိုင်း သေဆုံးမှုအများဆုံးတိုက်ခိုက်မှုဖြစ်ခဲ့သည်။

ပေါက်ကွဲပစ္စည်းများ တင်ဆောင်သည့် လော်ရီအားဖြင့် ကာရာဒါအရပ်တွင် မွတ်စလင်ဥပုလ်လအတွက် ဈေးဝယ်များဖြင့် စည်ကားနေရာ၌ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ အသေခံတိုက်ခိုက်မှုအား အိုင်အက်စ်တို့က ၎င်းတို့ကျုးလွန်ခြင်းဖြစ်ကြောင်း ကြေညာသည်။

အစောပိုင်းက တိုက်ခိုက်မှုအတွင်း သေဆုံးသူဦးရေက ၁၆၅ ဦးရှိသည်ဟု ခန့်မှန်းခဲ့ခြင်းဖြစ်သည်။ ထိုအသေခံဗုံးခွဲမှုကြောင့် အီရတ်နိုင်ငံအတွင်း ဝမ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။ ဗုံးခွဲမှုအတွင်း ဒဏ်ရာရသူအများအပြားရှိခဲ့သော်လည်း အများစုက ဆေးရုံမှ ပြန်ဆင်းရပြီဖြစ်သည်။ အပြင်းအထန်ဒဏ်ရာရသူများအား ပြည်ပသို့ ပို့ဆောင်ကုသပေးခြင်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသော်လည်း အသေးစိတ်ကို ပြောဆိုခြင်းမရှိပေ။

ယခုဗုံးခွဲမှုက ရှီးယိုက်မွတ်စလင်အများစုရှိရာအရပ်တွင် ဖြစ်ပွားခြင်းဖြစ်သည်။ ဖလူဂျာမြို့အား အိုင်အက်စ်လက်မှ အီရတ်တပ်များ ပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီး တစ်ပတ်အတွင်း အိုင်အက်စ်တို့က ယခုတိုက်ခိုက်မှုအား ကျုးလွန်ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly