ဆက်ဆံရေးမြှင့်တင်သွားရန် တောင်ကိုရီးယားနှင့် မြန်မာ ကုန်သွယ်ရေးဝန်ကြီးများ သဘောတူမှုရရှိ

ဆက်ဆံရေးမြှင့်တင်သွားရန် တောင်ကိုရီးယားနှင့် မြန်မာ ကုန်သွယ်ရေးဝန်ကြီးများ သဘောတူမှုရရှိ

မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးများ ဇူလိုင် ၅ ရက်တွင် တွေ့ဆုံကာ နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ အပေါ် ဆွေးနွေးခဲ့ကြကြောင်း တောင်ကိုရီးယားကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တောင်ကိုရီးယား ကုန်သွယ်ရေးနှင့် စွမ်းအင် ဝန်ကြီး ဂျုးဟောင်ဝမ်က မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် တွေ့ဆုံခဲ့ကြပြီး မြန်မာဈေးကွက်သို့ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ရေးတွင် အထောက်အပံ့ဖြစ်စေမည့် Korea Desk အဖွဲ့အစည်းတစ်ရပ်အား ရန်ကုန်တွင် ဖွဲ့စည်းတည်ထောင်ရန် သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်စီးပွားရေးတွင် ဖွံ့ဖြိုးမှုများအတွက် တောင်ကိုရီးယားက အကူအညီပေးမှုများအတွက် ကျေးဇူးတင်ကြောင်း ဝန်ကြီးဒေါက်တာသန်းမြင့်က ပြောခဲ့သည်။

၂၀၁၂ ခုနှစ်အတွင်းက မြန်မာနိုင်ငံတွင် ကုန်သွယ်ရေးအေဂျင်စီတစ်ရပ် ထူထောင်ခြင်း၌ ကိုရီးယားကုန်သွယ်ရေး-ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီမှ အသေးစိတ်အကူအညီများ ပေးအပ်သွားရန် နှစ်နိုင်ကြားသဘောတူညီခဲ့သည်။

အဆိုပါ သဘောတူညီမှုအား ယခင်သမ္မတဟောင်း ဦးသိန်းစိန် ဆိုးလ်မြို့တော်သို့ ရောက်ရှိစဉ်က တောင်းဆိုမှုအရ သဘောတူညီမှုရရှိခဲ့ကြခြင်းဖြစ်သည်။

ယခု ဝန်ကြီးနှစ်ဦးတွေ့ဆုံမှု၌ တောင်ကိုရီးယား၏ ပို့ကုန်လုပ်ငန်း အသိအမြင်နားလည်မှုများ မြန်မာနိုင်ငံအတွက် ရရှိစေခြင်းဖြင့် မြန်မာနိုင်ငံစီးပွားရေးုလုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပြည်ပဈေးကွက်များ ပိုမိုရှာဖွေနိုင်ကြရန်အတွက်လည်း သဘောတူညီခဲ့ကြကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာအစိုးရက လာမည့်ငါးနှစ်သက်တမ်းတွင် သုံးနှစ်အတွင်း နိုင်ငံ၏ ပို့ကုန်ပမာဏ မြှင့်တင်သွားမည်ဖြစ်ကြောင်း အစောပိုင်းက ကြေညာထားခဲ့သည်။ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးလိုငွေသည် ၂၀၁၅-၁၆ ခုနှစ်၌ အမေရိကန်ဒေါ်လာ ၅ ဒဿမ ၃ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly