အင်ဒိုနီးရှား ရဲစခန်းတစ်ခု အသေခံဗုံးခွဲတိုက်ခိုက်ခံရပြီး ရဲတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

အင်ဒိုနီးရှား ရဲစခန်းတစ်ခု အသေခံဗုံးခွဲတိုက်ခိုက်ခံရပြီး ရဲတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ဇူလိုင် ၅ ။          ။ အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင်လ ၅ ရက်က ရဲစခန်းတစ်ခုဝင်းအတွင်းသို့ လူတစ်ဦး မော်တော်ဆိုင်ကယ် စီးနင်းဝင်ရောက်လာကာ ကိုယ့်ကိုယ်ကိုယ် အသေခံဖောက်ခွဲခဲ့ခြင်းကြောင့် စခန်းရှိ ရဲတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ ရဲစခန်းကို အသေခံဖောက်ခွဲတိုက်ခိုက်ခဲ့သူ ယင်းအမျိုးသား သေဆုံးသွားခဲ့ပြီး အခြားသေဆုံးသူမရှိခဲ့ဘဲ ရဲဝန်ထမ်းတစ်ဦးသာ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုသည် သမ္မတ ဂျိုကိုဝီဒိုဒို၏ ဇာတိမြို့ဖြစ်သော Solo မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သမ္မတမှာလည်း အစ္စလမ္မစ် အစ်နေ့ပွဲတော်ကို ဆင်နွဲရန်အတွက် မိသားစုနှင့်အတူ ယင်းမြို့သို့ ပြန်လာရန် ပြင်ဆင်နေလျက်ရှိသည်။

ယခုဖြစ်စဉ်တွင် တိုက်ခိုက်သူမှာ ဂျာဗားကျွန်းရှိ Solo မြို့ ရဲစခန်းတစ်ခုဝင်းအတွင်းသို့ ဆိုင်ကယ်စီးဝင်ရောက်လာကာ ယင်းအချိန်က ရဲတပ်ဖွဲ့ဝင်များမှာ စစ်ဆင်ရေးတာဝန် တစ်ခုကို ပြုလုပ်ရန် ပြင်ဆင်နေ ချိန်ဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ရက်ဖ်လီ အေမာကပြောကြားသွားသည်။

" သူက စခန်းထဲက ကန်တင်းကို သွားချင်တယ်လို့ ပြောပါတယ်၊ ပြောပြီးတာနဲ့ ဆိုင်ကယ်နဲ့အတင်းမောင်းဝင်ပြီး သူ့ကိုယ်သူ ဖောက်ခွဲသွားတာပါ" ဟု အေမာက ပြောကြားသည်။

မွတ်ဆလင်အများစုနေထိုင်သော ယင်းနိုင်ငံတွင် အစ်နေ့မတိုင်ခင် တစ်ရက်အလို နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်လာနိုင်ကြောင်း အာဏာပိုင်များက တပ်လှန့်ထားသကဲ့သို့ အိုင်အက်စ်ကဲ့သို့သော အစွန်းရောက်အကြမ်းဖက်သမားများ၏ အန္တရာယ်အပေါ် စိုးရိမ်ထိတ်လန့်လျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly