အိုက်စလန်ကစားသမားများ ပရီးမီးယားလိဂ်တွင် ကစားရန် ထိုက်တန်သည့်ခြေစွမ်းရှိဟု ဆီဂတ်ဆင်ပြော

အိုက်စလန်ကစားသမားများ ပရီးမီးယားလိဂ်တွင် ကစားရန် ထိုက်တန်သည့်ခြေစွမ်းရှိဟု ဆီဂတ်ဆင်ပြော

ဇူလိုင် ၅၊ အိုက်စလန် ။                  ။ ယူရိုပြိုင်ပွဲတွင် ခြေစွမ်းပြကစားခဲ့သည့် အိုက်စလန်ကစားသမားများသည် ပရီးမီးယားလိဂ်တွင် ကစားခွင့်ရရန် ထိုက်တန်သည့်ခြေစွမ်းရှိသည်ဟု ဆီဂတ်ဆင်က ပြောဆိုလိုက်သည်။

ဆွမ်ဆီးကွင်းလယ်ကစားသမား ဆီဂတ်ဆင်သည် အိုက်စလန်အသင်း၏ အဓိက ကစားသမားဖြစ်ပြီး ယူရိုပြိုင်ပွဲတွင် အသင်းကိုဦးဆောင်ကစားနိုင်ခဲ့သူ ဖြစ်သည်။

အိုက်စလန်အသင်းတွင် တိုက်စစ်မှူး ဂတ်ဂျွန်ဆင်နှင့် ဆီဂတ်ဆင်တို့နှစ်ဦးသာ ပရီးမီးယားလိဂ်တွင် ကစားဖူးသူများ ဖြစ်သည်။ ဂတ်ဂျွန်ဆင်မှာ ချယ်လ်ဆီးအသင်းတွင် ခြောက်နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး ဘာစီလိုနာ၊ မိုနာကို၊ စပါး၊ စတုခ်စီးတီးနှင့်ဖူလ်ဟမ်တို့တွင် ကစားခဲ့သူ ဖြစ်သည်။

‘ကစားသမားအားလုံး ပရီးမီးယားလိဂ်မှာ ကစားလိုကြပါတယ်။ အိုက်စလန်ကစားသမားတွေအတွက် ဒီအချိန်က ပရီးမီးယားလိဂ်မှာ ကစားဖို့ မှန်ကန်တဲ့ အချိန်လို့ ထင်ပါတယ်။ တစ်စုံတစ်ယောက်က အိုက်စလန်ကစားသမားတွေကို ခေါ်ယူချင်တယ်ဆိုရင် ခေါ်ယူဖို့ ကျွန်တော်တိုက်တွန်းမှာပါ။ ကျွန်တော့်အသင်းဖော်အားလုံးဟာ ပုဂ္ဂိုလ်ရေးအရရော ကစားသမားအနေနဲ့ပါ ကောင်းမွန်သူတွေဖြစ်ပါတယ်’ ဟု ဆီဂတ်ဆင်က ပြောဆိုခဲ့သည်။

ယူရိုပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့သည့် အိုက်စလန်အသင်းကို အိမ်အပြန်ခရီးတွင် ထောင်ပေါင်းများစွာသော ပရိသတ်များက လမ်းဘေးဝဲယာမှ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly