တောရက်စ်ကို အက်သလက်တီကိုအသင်း တစ်နှစ်စာချုပ် ချုပ်ဆို

တောရက်စ်ကို အက်သလက်တီကိုအသင်း တစ်နှစ်စာချုပ် ချုပ်ဆို

ဇူလိုင် ၅၊ စပိန် ။              ။ အက်သလက်တီကိုအသင်းသည် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်ကို အပြီးသတ်ခေါ်ယူကာ တစ်နှစ်သက်တမ်းစာချုပ် ချုပ်ဆိုလိုက်သည်။

၂၀၁၅ ခုနှစ်က အေစီမီလန်အသင်းမှ အက်သလက်အသင်းသို့ အငှားလာရောက်ကစားနေသည့် တောရက်စ်ကို အက်သလက်အသင်းက အပြီးသတ်ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

လီဗာပူးလ်နှင့်ချယ်လ်ဆီးကစားသမားဟောင်း တောရက်စ်သည် အက်သလက်အသင်းသို့ ပြန်လည်ရောက်ရှိစက ပုံမှန်ခြေစွမ်းရရန်ရုန်းကန်ခဲ့ရသော်လည်း ပြီးခဲ့သည့်ရာသီက ပြန်လည်ခြေစွမ်းပြနိုင် ခဲ့သည်။ တောရက်စ်သည် ပြီးခဲ့သည့်ရာသီက အက်သလက်အသင်းအတွက် ၄၄ ပွဲကစားပြီး ၁၂ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

အသက် ၃၂ နှစ်အရွယ်ရှိ တောရက်စ်သည် အက်သလက်အသင်းနှင့်စာချုပ် ချုပ်ဆိုနိုင်သည့်အတွက် ဝမ်းမြောက်လျက်ရှိသည်။ ‘အက်သလက်အသင်းမှာ(အိမ်မှာ) ဆက်နေခွင့်ရလို့ ဝမ်းသာမိပါတယ်။ ဒီနေရာက ကျွန်တော်နေချင်တဲ့ တစ်ခုတည်းသော နေရာပါ။ နောက်ဆုံးတော့ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ’ ဟု တောရက်စ်က ပြောဆိုခဲ့သည်။

တောရက်စ်သည် အသက် ၁၁ နှစ်အရွယ်ကတည်းက အက်သလက်တီကိုအသင်းသို့ရောက်ရှိနေသူဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်တွင် ပွဲထွက်ခွင့်စတင်ရှိခဲ့သူ ဖြစ်သည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly