မန္တလေးတိုင်းအတွင်း မြစ်ရေတိုက်စားခံ ကျေးရွာများအတွက် သီးသန့်ရံပုံငွေ ကျပ်သန်း ၃၆၀၀ကျော် တောင်းခံထား

မန္တလေးတိုင်းအတွင်း မြစ်ရေတိုက်စားခံ ကျေးရွာများအတွက် သီးသန့်ရံပုံငွေ ကျပ်သန်း ၃၆၀၀ကျော် တောင်းခံထား

မန္တလေး၊ ဇူလိုင် ၄ ။              ။ မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်း ကျေးရွာ(၇) ရွာအတွက် ရေတိုက်စားကမ်းပြို ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် ကျပ်သန်းပေါင်း ၃၆၅၈ ဒသမ ၅၀ ကို ပြည်ထောင်စုအစိုးရထံ သီးသန့်ရံပုံငွေရရှိရေး တင်ပြတောင်းခံထားသည်။

တိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်၊ ပန်းလောင်မြစ် နှင့် မြစ်ငယ်မြစ်အတွင်းမှ ကျေးရွာ(၇)ရွာအတွက် လာမည့် မြစ်ရေကျချိန်တွင် ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တင်ပြတောင်းခံခြင်းဖြစ်သည်။

ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးတိုးအောင်လင်းက “ကျွန်တော်တို့ ဌာနအနေနဲ့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ခွင့်ပြု ရံပုံငွေတောင်းခံရပါတယ်။ ကမ်းပြိုတဲ့ ရွာတွေကို သွားရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ သွားကြည့်ပြီး ဘယ်လို ဆောင်ရွက် သင့်တယ်ဆိုတာ တိုင်းတာရေးလုပ်ပြီး ခွင့်ပြုချက်တောင်းခံရတာပါ။”ဟု ပြောသည်။

၂၀၁၆/၁၇ ခုနှစ်တွင် ကမ်းပြိုကာကွယ်ရေးဆောင်ရွက်ရမည့် ကျေးရွာများမှာ ဧရာဝတီမြစ်တွင်းမှ ရွာသာယာကျေး ရွာ(စဉ်ကူးမြို့နယ်)အတွက် ကျပ်(၁၀၁)သန်း၊ အိုင်ဒိုင်ကျေးရွှာ (မတ္တရာမြို့နယ်)အတွက် ကျပ်သန်း(၉၀၀)၊ ဆီမီး ခုံကျေးရွာ(မြင်းခြံမြို့နယ်)အတွက် ကျပ်သန်း(၁၉၃၇ဒသမ ၅၀)၊ မြစ်ငယ်မြစ်တွင်းမှ အင်းဝမြို့၊ နန်းဦးစေတီအနီး အတွက် ကျပ်ငွေ သန်း(၁၅၀)၊ တံတားဦးမြို့နယ်ရှိ ဈေးချိုကျေးရွာ အတွက် ကျပ်သန်း(၂၁၀) နှင့် အိုးတုတ္တတန်း ကျေးရွာအတွက် ကျပ်သန်း(၂၁၀)၊ ပန်းလောင်မြစ်အတွင်းမှ ဥသျှစ် ဖိုရွာ (တံတားဦးမြိုနယ်)အတွက် ကျပ်သန်း (၁၅၀)တို့ဖြစ်ပြီး စုစုပေါင်းခန့်မှန်းကုန်ကျငွေ ကျပ်သန်း(၃၆၅၈ ဒသမ ၅၀)ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly