မလေးရှား နိုက်ကလပ်ဖောက်ခွဲမှုက အိုင်အက်စ်နှင့် ချိတ်ဆက်လျက်ရှိဟု ပြည်ထဲရေးဝန်ကြီး ပြော

မလေးရှား နိုက်ကလပ်ဖောက်ခွဲမှုက အိုင်အက်စ်နှင့် ချိတ်ဆက်လျက်ရှိဟု ပြည်ထဲရေးဝန်ကြီး ပြော

ကွာလာလမ်ပူ၊ ဇူလိုင် ၄ ။              ။ ပြီးခဲ့သည့် ဇွန် ၂၈ ရက်က ပူချောင်အရပ်၌ နိုက်ကလပ်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းသည် အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်ပတ်သက်မှုရှိကြောင်း မလေးရှား ရဲထောက်လှမ်းရေးချုပ်က ပြောသည်။

"ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုအရ ဒါအမှန်ပါပဲ။ မိုဗီဒါနိုက်ကလပ်စာသောက်ဆိုင်မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုက အိုင်အက်စ်လက်စလက်နတွေ ပါဝင်နေပါတယ်။"ဟု ခါလစ်အဘူဘာကာက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

အစောပိုင်းက ယင်းပေါက်ကွဲမှုက အစွန်းရောက်တိုက်ခိုက်မှု မဟုတ်ဟု အာဏာပိုင်များက ငြင်းပယ်ခဲ့ပြီး စီးပွားရေးပြိုင်ဖက်ချင်း သတ်ဖြတ်ရန် ကြံစည်မှုအနေဖြင့် စုံစမ်းထောက်လှမ်းခဲ့ခြင်းဖြစ်သည်။

သို့သော် ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း ဆီးရီးယားရှိ အိုင်အက်စ်အတွက် တိုက်ခိုက်နေသည့် မလေးရှားဖေ့ဘုတ်အကောင့်တစ်ခု၏ ပို့စ်ရေးသားချက်အရ စုံစမ်းမှုလမ်းကြောင်း ပြောင်းခဲ့ရခြင်းဖြစ်သည်။

"ကျွန်တော်တို့ လိုက်လံစုံစမ်းထောက်လှမ်းမှုအရ ဇွန် ၂၈ နဲ့ ဇူလိုင် ၁ ရက်နေ့ကြား လူပေါင်း ၁၅ ဦးကို ဖမ်းဆီးထားပါတယ်။ သူတို့က နိုက်ကလပ်ပေါက်ကွဲမှုမှာ ပါဝင်သူတွေ မဟုတ်ပေမယ့် အိုင်အက်စ်နဲ့ ချိတ်ဆက်မှုရှိတဲ့သူတွေပါ။"ဟု ခါလစ်က ပြောပြီး လေးဦးကို ဆီနီဂေါပြည်နယ်၊ ခုနစ်ဦးက ကီဒက်၊ ကွာလာလမ်ပူ၌ နှစ်ဦးနှင့် မီလာကာနှင့် ပန်နန်တို့တွင် တစ်ဦးစီ ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ထိုပြင် ရဲနှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း အာဏာပိုင်များက ပြောသည်။

ပေါက်ကွဲမှုဖြစ်သည့် ညက မိုဗီဒါကလပ်သို့ လက်ပစ်ဗုံး ပစ်သွင်းခဲ့သူဟု ယူဆရသူနှစ်ဦးကိုလည်း ဖမ်းဆီးရမိထားကြောင်း၊ ၎င်းတို့ကို ဆီးရီးယားက အိုင်အက်စ်အဖွဲ့က ညွန်ကြားခိုင်းစေခြင်းဖြစ်ကြောင်း ခါလစ်က ဆိုသည်။

"ကျွန်တော်တို့ ထောက်လှမ်းသိရတာ ဆီးရီးယားမှာရောက်နေတဲ့ မိုဟာမတ်ဝန်ဒီမိုဟာမတ်ဂျီဒီဆိုသူ မလေးရှားတစ်ဦးကနေ ညွန်ကြားချက်ပေး ခိုင်းစေတာကိုပါ။ သူက တိုက်ခိုက်မှုတွေလုပ်ဖို့ တိုက်ရိုက်စေခိုင်းနေတာပါ။ အစိုးရအထက်တန်းအရာရှိတွေ၊ ရဲဌာနနဲ့ ဥပဒေအရာရှိနဲ့ တရားသူကြီးတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ စေခိုင်းညွန်ကြားတာတွေ တွေ့ရတယ်။"ဟု ခါလစ်က ပြောကြား ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly