ရီးယဲလ်နှင့် ဘာစီလိုနာတို့က ခေါ်ယူရန်ကြိုးပမ်းလာပါက ပေယက်ကို ထိန်းသိမ်းထားရန် မလွယ်ကူဟု ဒေးဗစ်ဂိုး ၀န်ခံ

ရီးယဲလ်နှင့် ဘာစီလိုနာတို့က ခေါ်ယူရန်ကြိုးပမ်းလာပါက ပေယက်ကို ထိန်းသိမ်းထားရန် မလွယ်ကူဟု ဒေးဗစ်ဂိုး ၀န်ခံ

ဇူလိုင် ၄၊ လန်ဒန် ။              ။ ဝက်စ်ဟမ်းအသင်း၏ ပူးတွဲအသင်းပိုင်ရှင် ဒေးဗစ်ဂိုးက ပေယက်ကို အသင်းတွင် ဆက်လက်ထိန်းသိမ်းထားရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပရိသတ်များကို ကတိပေးပြောကြားလိုက်သည်။

သို့သော် ဒေးဗစ်ဂိုးက ရီးယဲလ်နှင့် ဘာစီလိုနာတို့ကသာ ပေယက်ကို ခေါ်ယူရန် ကြိုးပမ်းလာပါက ဆက်လက်ထိန်းသိမ်းထားရန် မလွယ်ကူကြောင်း ဝန်ခံခဲ့သည်။

ပေယက်သည် ဝက်စ်ဟမ်းအသင်းနှင့် ပထမရာသီတွင် အားလုံးမှတ်မိသိရှိသွားအောင် ခြေစွမ်းပြနိုင်ခဲ့သလို ယခုယူရို ၂၀၁၆ ပြိုင်ပွဲတွင်လည်း သုံးဂိုးသွင်းထားပြီး ခြေစွမ်းပြလျက်ရှိသည်။

ဒေးဗစ်ဂိုးက ‘လာမယ့်ရာသီမှာ ပေယက်အသင်းမှာဆက်ရှိဖို့ အစွမ်းကုန်ကြိုးပမ်းသွားမှာပါ။ အသင်းကို ဒီထက်ပိုတိုးတက်လာအောင် လုပ်သွားဖို့ ဆန္ဒရှိပါတယ်။ ပေယက်ကလည်း အသင်းရဲ့အနာဂတ်အစီအစဉ်မှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်သူပါ။ သူ့ကိုအသင်းမှာ ဆက်ရှိနေစေဖို့ ဘာမဆို ကျွန်တော်တို့လုပ်မှာပါ။

ဒါပေမဲ့ ရီးယဲလ်နဲ့ဘာစီလိုနာတို့ကသာ ပေယက်ကို ခေါ်ယူဖို့ ကြိုးစားလာပြီး ကစားသမားကလည်း သွားချင်တယ်ဆိုရင် ဆက်လက်ထိန်းသိမ်းထားဖို့ ခက်ခဲပါလိမ့်မယ်’ ဟု ပြောဆိုခဲ့သည်။

ယခုအချိန်အထိ ဆက်သွယ်မှုများ မရှိသေးသော်လည်း ယူရိုပြိုင်ပွဲအပြီးတွင် ဖုန်းများလာလိမ့်မည်ဖြစ်ကြောင်းနှင့် ထိုဖုန်းခေါ်ဆိုမှုများကို မကြိုဆိုကြောင်း ဒေးဗစ်ဂိုးက ပြောဆိုခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly