ဆီဗီလာကွင်းလယ်လူ ခရိုင်ချို၀ပ်ကို ပီအက်စ်ဂျီအသင်းခေါ်ယူ

ဆီဗီလာကွင်းလယ်လူ ခရိုင်ချို၀ပ်ကို ပီအက်စ်ဂျီအသင်းခေါ်ယူ

ဇူလိုင် ၄၊ ပဲရစ် ။               ။ ပီအက်စ်ဂျီအသင်းသည် ဆီဗီလာအသင်းမှ ပိုလန်ကွင်းလယ်ကစားသမား ခရိုင်ချိုဝပ်ကို ငါးနှစ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီ ဖြစ်သည်။ ပြောင်းရွှေ့ကြေးကို ပီအက်စ်ဂျီအသင်းက ဖော်ပြခြင်း မရှိခဲ့သော်လည်း ဒေးလီးမေးလ်သတင်းစာက ပေါင် ၃၄ သန်းဟု ဖော်ပြခဲ့သည်။ စပိန်မီဒီယာများနှင့် ပိုလန်မီဒီယာများကမူ ပေါင် ၂၁ သန်းဟု ဖော်ပြခဲ့ကြသည်။

အသက် ၂၆ နှစ်အရွယ်ရှိ ခရိုင်ချိုဝပ်သည် ပီအက်စ်ဂျီအသင်း၏ ယခုရာသီအတွက် ဒုတိယမြောက်ခေါ်ယူမှုဖြစ်ပြီး နည်းပြသစ် အမ်မရီအတွက် ပထမဆုံးကစားသမားခေါ်ယူမှု ဖြစ်သည်။

ပိုလန်အသင်းနှင့်အတူ ယူရိုပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့သည့် ခရိုင်ချိုဝပ်သည် နည်းပြ အမ်မရီနှင့် ဆီဗီလာတွင် လက်တွဲခဲ့ဖူးသူလည်း ဖြစ်သည်။ ဘော်ဒိုးလူငယ်အသင်းတွင် ကစားသမားဘဝကို စတင်ခဲ့သည့် ခရိုင်ချိုဝပ်သည် ဆီဗီလာအသင်းသို့ မပြောင်းရွှေ့မီ ရိမ်းစ်နှင့်နန့်တက်စ်အသင်းများတွင် ကစားခဲ့သူ ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ဆီဗီလာအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ယူပါရိုလိဂ်ဖလား ၂ နှစ်ဆက်တိုက် ရယူပေးနိုင်ခဲ့သည်။

ပီအက်စ်ဂျီသို့ ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက်တွင် ခရိုင်ချိုဝပ်က ‘ ပြင်သစ်ကို ပြန်လာရလို့ ဂုဏ်ယူပါတယ်။ ပီအက်စ်ဂျီအသင်းကို ကာကွယ်ပြီး ရည်မှန်းချက်တွေအောင်မြင်အောင် ကြိုးပမ်းသွားမှာပါ။ နည်းပြအမ်မရီနဲ့ ပြန်ပြီး လက်တွဲခွင့်ရမယ့် အခွင့်အရေးကြောင့် ပီအက်စ်ဂျီအသင်းကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ’ ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly