မာဆေးမှ ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘတ်ချေယီကို ချယ်လ်ဆီးခေါ်ယူ

မာဆေးမှ ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘတ်ချေယီကို ချယ်လ်ဆီးခေါ်ယူ

ဇူလိုင် ၄၊ လန်ဒန် ။               ။ ချယ်လ်ဆီးအသင်းသည် မာဆေးအသင်းမှ ဘယ်လ်ဂျီယံတိုက်စစ်မှူး မစ်ချီဘတ်ချေယီကို ပြောင်းရွှေ့ကြေး ပေါင် ၃၃ သန်းဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ဘတ်ချေယီကို ခေါ်ယူရန် ပြီးခဲ့သည့် အပတ်ကတည်းက သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ အသက် ၂၂ နှစ်အရွယ်ရှိ ဘတ်ချေယီကို ဝက်စ်ဟမ်းနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့က ခေါ်ယူရန် ကြိုးပမ်းခဲ့ကြသေးသော်လည်း ချယ်လ်ဆီးက ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဘတ်ချေယီကို ချယ်လ်ဆီးအသင်းခေါ်ယူနိုင်ခဲ့ခြင်းမှာ ဟက်ဇက်နှင့် ကော့တွိုက်စ်တို့၏ တိုက်တွန်းမှုများကြောင့်လည်း ဖြစ်သည်။

လက်မှတ်ရေးထိုးပြီးနောက်တွင် ဘတ်ချေယီက ‘ကျွန်တော့်ရဲ့ ကစားသမားဘ၀ နောက်တစ်ဆင့်မှာ ဥရောပထိပ်တန်းကလပ်အသင်းတစ်သင်းနဲ့ စာချုပ်နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားနေတဲ့အချိန်အတွင်း ချယ်လ်ဆီးအသင်းကို ဆုဖလားတွေအများကြီး ရယူပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဟက်ဇက်နဲ့ ကော့တွိုက်စ်တို့ကလည်း ချယ်လ်ဆီးအသင်းရဲ့ကောင်းမွန်တဲ့အကြောင်းတွေကို အများကြီး ပြောပြပါတယ်။ ချယ်လ်ဆီးကစားသမားဖြစ်လာပြီး နည်းပြကွန်တီနဲ့အလုပ်လုပ်ရမှာဖြစ်လို့ စိတ်လှုပ်ရှားနေမိပါတယ်’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly