မန်စီးတီးအသင်း နည်းပြသစ် ဂွါဒီယိုလာ မိတ်ဆက်ပွဲပြုလုပ်

မန်စီးတီးအသင်း နည်းပြသစ် ဂွါဒီယိုလာ မိတ်ဆက်ပွဲပြုလုပ်
ဓာတ်ပုံ - အီးပီအေ

မန်စီးတီးအသင်း နည်းပြသစ် ဂွါဒီယိုလာဟာ ပရိသတ်နှင့် မိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင် (၃) ရက်နေ့က မန်ချက်စတာမြို့ရှိ အီဟတ်ကွင်းမှာ ပြုလုပ်ပါတယ်။

အသက် (၄၅) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂွါဒီယိုလာရဲ့ မိတ်ဆက်ပွဲ အခမ်းအနားကို ပရိသတ် (၇,၀၀၀) ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။

"ဘာစီလိုနာမှာ ကိုယ့်ကိုကိုယ် သက်သေပြခဲ့တယ်။ ဂျာမနီမှာလည်း ပြသခဲ့ပြီးတဲ့နောက်မှာ အင်္ဂလန်မှာလဲ သက်သေပြနိုင်ဖို့အတွက် ဒီကို ရောက်ရှိလာခြင်းရဲ့ အကြောင်းအရင်းဖြစ်ပါတယ်"လို့ ဂွါဒီယိုလာက ပြောပါတယ်။

"ဒါတွေကိုတော့ ကျနော် တစ်ယောက်တည်း မလုပ်နိုင်ပါဘူး။ ကစားသမားတွေရယ်၊ ဝန်ထမ်းတွေရယ် ကျနော် လိုအပ်ပါတယ်။ အားပေးမယ့် ပရိသတ်တွေလည်း ကျနော်တို့ လိုအပ်ပါတယ်။ ဒါတွေမရှိဘဲနဲ့ ဘာမှ ဖြစ်မလာနိုင်ပါဘူး"လို့ သူက ပြောပါတယ်။

ဂွါဒီယိုလာဟာ ဘိုင်ယန်မြူးနစ်ကို (၃) နှစ်ကြာ ကိုင်တွယ်ခဲ့ရာမှာ ဘွန်ဒစ်လီဂါ အမှတ်ပေးဖလား (၃) ကြိမ် ရရှိခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ အောင်မြင်မှု ရယူပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ရာသီသစ်ရဲ့ ပထမဆုံးပွဲစဉ်ကို သြဂုတ်လ (၁၃) ရက်နေ့မှာ ဆန်းဒါးလန်းနဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ရင်းမြစ် - ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly