ဘဂ္ဂဒက်တွင် အိုင်အက်စ်တို့ ဗုံးခွဲတိုက်ခိုက်မှု သေဆုံးသူ ၁၂၅ ဦး အထိ ရှိလာ

ဘဂ္ဂဒက်တွင် အိုင်အက်စ်တို့ ဗုံးခွဲတိုက်ခိုက်မှု သေဆုံးသူ ၁၂၅ ဦး အထိ ရှိလာ

ဘဂ္ဂဒက်၊ ဇူလိုင် ၄ ။            ။ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်တွင် အိုင်အက်စ်တို့က ၎င်းတို့ကျုးလွန်ကြောင်း ကြေညာသည့် ဗုံးခွဲတိုက်ခိုက်မှု၌ သေဆုံးသူဦးရေသည် ၁၂၅ ဦးအထိ ရှိလာပြီး ဒဏ်ရာရသူက ၁၅၀ ဝန်းကျင်ရှိသည်။ အစိုးရက အမျိုးသားဝမ်းနည်းဖွယ်နေ့အဖြစ် သုံးရက် ကြေညာထားသည်။

မြို့တော်တွင် ဈေးအရပ်ဖြစ်သည့် ကာရာဒါတွင် မွတ်စလင်ဥပုသ်လအတွက် မိသားစုများ ဈေးဝယ်မှုများဖြင့် စည်ကားနေစဉ် ဖောက်ခွဲပစ္စည်းများ လော်ရီကားတွင် တင်ဆောင်ကာ ဖောက်ခွဲခံရခြင်းဖြစ်သည်။

သွားလာရှုပ်ထွေးနေသည့် လူများ လွင့်စင်သွားကြပြီး မီးလောင်ကျွမ်း၍ သေဆုံးသူများမှာ မမှတ်မိနိုင်အောင် ရုပ်ပျက်ဆင်းပျက်လောင်ကျွမ်းသေဆုံးသူ များကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။

ယခုကားဗုံးခွဲတိုက်ခိုက်မှုကို အိုင်အက်စ်တို့က ၎င်းတို့ အသေခံတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာသည်။

ဇူလိုင် ၃ က်က ဖြစ်ပွားသည့် ယင်းဗုံးခွဲတိုက်ခိုက်ခံရသည့် ယင်းအရပ်သည် ရှီးယိုက်အများစု နေထိုင်ကြရာ အရပ်ဖြစ်ပြီး ဝန်ကြီးချုပ် ဟိုင်ဒါအဘာဒီ လာရောက်ကြည့်ရှုရာ ဝန်ကြီးချုပ် ယာဉ်တန်းက စိတ်ဆိုးဒေါသထွက်နေကြသော လူအုပ်နှင့် ရင်ဆိုင်ခဲ့ရသည်။

နောက်ပိုင်းတွင် ဝန်ကြီးချုပ်ရုံးက သုံးရက်တာ ဝမ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး ဒေသခံများ၏ စိတ်ဆိုးအမျက်ဖြင့် တုံ့ပြန်မှုကိုလည်း နားလည်ကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက်ထုတ်ပြန်သည်။

ဗုံးကွဲရာအရပ်တွင် တစ်ညလုံး ညလုံးပေါက် အပျက်အစီးများကို ကယ်ဆယ်ရေးလုပ်သားများက ရှင်းလင်းနေခဲ့ပြီး အဆောက်အအုံ အပြိုအပျက်များကြား ရှာဖွေမှုများလည်း လုပ်ဆောင်နေခဲ့သည်။

ယခုဗုံးခွဲမှုသည် အိုင်အက်စ်လက်အောက်က ဖလူဂျာမြို့ကို အီရတ်တပ်များ ပြန်လည်လက်ရသိမ်းပိုက်ပြီး သီတင်းတစ်ပတ်အတွင်းဖြစ်ပွားခြင်းဖြစ်သည်။ ဗုံးကွဲမှုက ဇူလိုင် ၃ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း အီရတ်တွင် အသေအပျောက်အများဆုံး တိုက်ခိုက်ခံရမှုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly