မက်စ်မြန်မာဟိုးဒင်းက သီလဝါဆိပ်ကမ်းအနီးမြေများအတွက် မူလပိုင်ရှင်များထံ လျော်ကြေး သိန်း ၁၄၀၀ကျော်ပေးအပ်

မက်စ်မြန်မာဟိုးဒင်းက သီလဝါဆိပ်ကမ်းအနီးမြေများအတွက် မူလပိုင်ရှင်များထံ လျော်ကြေး သိန်း ၁၄၀၀ကျော်ပေးအပ်
(ဓာတ်ပုံ- Max Myanmar Holding Company)

မက်စ်မြန်မာဟိုးဒင်း ကုမ္ပဏီမှ သီလဝါ ဆိပ်ကမ်းဒေသအနီးရှိ အကွက်အမှတ် (၁၅) နှင့် (၁၆)တို့အတွင်းရှိ လယ်ယာမြေ ဧက ၂၀.၁၈ဧကအတွက် မူလပိုင်ရှင်များထံ လျော်ကြေးငွေ စုစုပေါင်း သိန်း ၁၄၀၀ကျော် (၁၄၁,၂၆၀,၀၀၀) ကို ပေးအပ်ခဲ့သည်ဟု ဇူလိုင် ၃ရက်က အဆိုပါကုမ္ပဏီက သတင်းထုတ်ပြန်လိုက်သည်။ 

မူလမြေပိုင်ရှင်များထံ တစ်ဦးလျှင် ကျပ် သိန်း ၇၀နှုန်းဖြင့် ပေးလျော်ခဲ့ခြင်းဖြစ်သည်။ 

သီလဝါဆိပ်ကမ်းမြေ အကွက်အမှတ် (၁၅ )နှင့် (၁၆)မှ လယ်သမား ၁၇ ဦးမှ လယ်တစ်ဧကအတွက် သီးနှံလျော်ကြေးအပါအဝင် ကျပ် ၈၅ သိန်း တောင်းခံခဲ့ပြီး ကုမ္ပဏီမှ တစ်ဧကကို သိန်း ၇၀နှုန်းဖြင့် ညှိနှိုင်းကာ ပေးလျော်ခဲ့ခြင်းဖြစ်သည်ဟု လယ်သမား ကိုရဲမြင့်က မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ လယ်သမားတွေက အခု သိန်း ၇၀နဲ့ လက်သင့်ခံခဲ့ရတာပေါ့၊ မရတာထက်ရတာယူရတာပေါ့" ဟု မြေဧက ၁၀ ဒသမ ၅၄ ဧကအတွက် လျော်ကြေးငွေ သိန်း ၇၀၀ ရရှိခဲ့သည့် ကိုရဲမြင့်က ပြောသည်။

သီလဝါဆိပ်ကမ်းတွင် လယ်မြေများကို ကုမ္ပဏီ ခြောက် ခုက အလုပ်လုပ်ကိုင်ရန် သိမ်းဆည်းခဲ့သော်လည်း ကုမ္ပဏီ ငါးခုထံမှသာ လယ်သမားများက လျော်ကြေးငွေ ရရှိခဲ့သည်ဟုလည်း လျော်ကြေးမရသေးသည့် လယ်သမား ဦးလှသန်းက မဇ္ဈိမကို ပြောသည်။ 

"လယ်သမား ၁၇ ဦးတင်ထားတာ ဇွန် ၂၉ ရက်ကမှ အဲဒီ ကုမ္ပဏီတစ်ခုက မလျော်ဘူးလို့ပြောတယ်။ ကျွန်တော်တို့ ဘာလုပ်ရမှန်းမသိဘူး၊ စိတ်မကောင်းဖြစ်တာကလွဲလို့ တစ်ခြား ကုမ္ပဏီကလျော်တော့ ဒီကုမ္ပဏီတစ်ခုထဲမလျော်တော့ ရအောင်တော့ နည်းလမ်းရှာရမှာပေါ့"ဟု ဦးလှသန်းကပြောသည်။

ဦးလှသန်း လယ်မြေ  ၉ဧက ကျော်ပိုင်ဆိုင်သဖြင့် တစ်ဧက ကျပ်သိန်း၇၀နှုန်းဖြင့် တွက်ချက်လျှင် ကျပ်သိန်း ၆၃၀ ခန့် ရရှိမည်ဖြစ်သည်။ 

အဆိုပါ ထောက်ပံ့ကြေးပေးအပ်သည့် အခမ်းအနားကို ပြီးခဲ့သည့် ဇွန်လ (၃၀)ရက်က မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး၌ ပြုလုပ်ခဲ့ရာ မူလမြေပိုင်ရှင်များ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးမှ တာဝန်ရှိသူများ၊ မက်စ်မြန်မာကုမ္ပဏီ၏ မြေယာကော်မတီဝင်များ တက်ရောက်ခဲ့ပြီး လယ်သမားများအတွက် ထောက်ပံ့ကြေးများပေးအပ်ခဲ့ကာ သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဦးစီးဌာနတို့မှ အသိသက်သေများအဖြစ် လက်မှတ်ရေးထိုးဆောင်ရွက်ပေးခဲ့ကြသည်။ 

မက်စ်မြန်မာဟိုးဒင်းကုမ္ပဏီသည် သီလဝါဆိပ်ကမ်းတွင်သာမက ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေဒေသများမှ လယ်ယာမြေများ၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျီစုကျေးရွာမှ လယ်ယာမြေများ၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြဒေသမှ မြေယာများနှင့် ပတ်သက်၍ လယ်သမားများအတွက် မူလမြေပိုင်ရှင်များဘက်မှ ကျေနပ်သည်အထိ ပြေလည်အောင် ဆောင်ရွက်ပေးခဲ့သည်ဟု ကုမ္ပဏီက ထုတ်ပြန်ထားသည်။ သို့သော် အသေးစိတ်ကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။ 

လယ်သမားများကို လျော်ကြေး ပေးအပ်ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ တောင်သူလယ်သမားများသမဂ္ဂ ဥက္ကဋ္ဌ မစုစုနွေးက "အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းမှာ သူတို့အနေနဲ့ လက်လှမ်းမီသလောက်ကို အလှည်ကျဖြေရှင်းပေးတဲ့အတွက် ကြိုဆိုပါတယ်။ နောက်ပိုင်းမှ လယ်သမားတွေ နစ်နာတဲ့သူတွေကို အထိုက်အလျှောက် ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်" ဟု ပြောသည်။

ယင်းအပြင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် လယ်သမား အယောက် ၁၀၀ ၌ ၇၅ယောက်မှာ လယ်မြေဆုံးရှုံးမှုများ ရှိနေသည် ၎င်းက ပြောသည်။

ယခု ၂၀၁၅ ရွေးကောက်ပွဲအပြီး အနိုင်ရကာ တက်လာသည့် NLD အစိုးရအနေဖြင့် သိမ်းဆည်းခံလယ်ယာမြေများကို မူလပိုင်ရှင်များထံ စိစစ်ကာ ပေးအပ်သွားမည်ဟု ပြောကြားမှုများရှိခဲ့ပြီး နေပြည်တော် ဇေယျာသီရိမြို့နယ်တွင်လည်း ဇွန် ၃၀ ရက်က သိမ်းဆည်းခံလယ်ယာမြေများကို တောင်သူများထံ ပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly