နုန်းတားဆည်ရေလျှံပြီး ဆည်အောက်ဘက်ရွာများ ပြောင်းရွှေ့ရ

နုန်းတားဆည်ရေလျှံပြီး ဆည်အောက်ဘက်ရွာများ ပြောင်းရွှေ့ရ
ဓာတ်ပုံ- Ko B. Soe 

မုံရွာ၊ ဇူလိုင် ၃ ။  ။ ချင်းပြည်နယ် တွန်းဇံမြို့ရှိ ဆောက်လက်စ နုန်းတားဆည်မှ ရေများလျှံကာ ဆည်အောက်ဘက်ကျေးရွာများ ဇူလိုင် ၃ရက် နံနက်ပိုင်းက ပြောင်းရွှေ့နေရသည်ဟု ကလေးဒေသခံများက ပြောသည်။

ကလေးမြို့ ဒေသခံ ကိုကျော်သက်ဝင်းကမူ "ဆည်အောက်ဘက်ကရွာတွေကို ဘေးလွတ်ရာပြောင်းရွှေ့နေရတယ်၊ ၁၀ ရွာ လောက်ရှိတယ်။" ဟု မဇ္ဈိမကို ပြောသည်။ 

နုံးတားဆည်မှ ရေကျော်ကာ အောက်ဘက်ရှိ ရာဇဂြိုလ်ဆည်အတွင်း ဝင်ရောက်ခဲ့သည့်အတွက် ရာဇဂြိုလ်ဆည် မကျိုးပေါက်စေရန် ရေပိုလွှဲမှ ရေများထုတ်ပေးနေသည်ဟုလည်း ရာဇဂြိုလ်ဆည် ဆောက်လုပ်ရေးမှ AE ဦးသိုက်စိုးက မဇ္ဈိမကို ပြောသည်။ 

"ပေ ၆၄၀ ထိကျော်ရင် ရေပိုလွှဲကနေ တစ်ခါတည်းလွှဲပြီးသားပါ၊ မနက်က ပေ ၆၅၀ ထိရောက်ခဲ့တယ်။ ခုတော့တဖြည်းဖြည်းကျနေပါပြီ၊ ဆည်အတွက် စိုးရိမ်စရာမရှိပါဘူး။" ဟု ၎င်းက ပြောသည်။

ထို့ပြင် နုံးတားဆည်ပြိုကျခြင်းမဟုတ်ဘဲ ရေလျှံခြင်းသာဖြစ်ကြောင်း၊ အထက်ပိုင်းရှိ သဘာဝ မြေပြိုကန်ပြိုကျဖွယ်ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

နုံးတားဆည်သည် ရာဇဂြိုလ်ဆည်၏ အထက်ပိုင်းတွင် တည်ရှိပြီး ဆောက်လက်စ ဆည်တစ်ခုဖြစ်သည့်အတွက် ပျက်စီးမှု ရှိနိုင်သော်လည်း လက်ရှိ ညနေ ၅နာရီ ၄၅ မိနစ်အထိ ပျက်စီးမှု ရှိမရှိကို မသိရသေးဘဲ ရေကျသွားမှသာ အတိအကျသိရမည်ဟု ရာဇဂြိုလ်ဆည်၏ အင်ဂျင်နီယာတစ်ဦးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ပေးထားသည်။ ယင်းအပြင် နုံးတားဆည်မှာ ရေလှောင်ဆည်မဟုတ်ဟုလည်း ၎င်းက ပြောသည်။ 

နုံးတားဆည်မှာ လက်ရှိတွင် ၈၀ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟု သိရသည်။

လက်ရှိ ဇူလိုင် ၃ရက် ညနေ ၆နာရီခန့်တွင် ရာဇဂြိုလ်ဆည်၏ ရေမှတ်မှာ ၆၄၅.၈၀ပေ ရှိပြီး စိုးရိမ်စရာ အနေအထားမဟုတ်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly