ယင်းမာပင်မြို့နယ်တွင် မိုးခေါင်မှုကြောင့် ပဲစင်းငုံခင်းများ ပျက်စီး

ယင်းမာပင်မြို့နယ်တွင် မိုးခေါင်မှုကြောင့် ပဲစင်းငုံခင်းများ ပျက်စီး

မုံရွာ၊ ဇူလိုင် ၃ ။                 ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင် မိုးခေါင်မှုကြောင့် ပဲစင်ငုံအခင်းများ ပျက်စီးလျက်ရှိကြောင်း ဒေသခံတောင်သူများက ပြောသည်။

ယမန်နှစ်အတွင်းက ပဲစင်းငုံဈေးများ ကောင်းသည့်အတွက် ယခုနှစ်တွင် စိုက်ဧက တိုးချဲ့စိုက်ပျိုးခဲ့ကြပြီး မိုးခေါင်မှုကြောင့် ပဲစင်းငုံ အခင်းများပျက်စီးခဲ့ရာ ပိုမိုအရှုံးပေါ်ခဲ့ကြောင်း သိရသည်။

"မနှစ်က တစ်တင်းကို ငါးသောင်းရတယ်၊ ဈေးကောင်းတာပေါ့၊ ဒါ့ကြောင့်မို့ ဒီနှစ်ကို စိုက်ဧက တိုးပြီးစိုက်ကြတယ်၊ တိုးစိုက်ပါတယ် ဆိုမှ အခင်းတွေက ပျက်နေပြီ၊"ဟု တောင်သူတစ်ဦးက ပြောသည်။ ယမန်နှစ်က နှစ်ဧကစိုက်ပျိုးသူမှာ ယခုနှစ်တွင် ငါးဧကအထိ တိုးချဲ့စိုက်ပျိုးခဲ့ကြသည်ဟု သိရသည်။

"ယင်းမာပင်မြို့နယ်မှာ ခန့်မှန်းခြေ ဧက ၂၀၀၀ လောက်စိုက်ကြတယ်၊ ခု မိုးခေါင်လို့ အခင်းတွေတချို့ပျက်စီးကုန်တယ်။ ဧက ၃၀၀ ကျော်နေပြီ။" ဟု ပဲစင်းငုံ ၅ ဧက စိုက်ပျိုးထားသူ ကိုကောင်းဇင်က ပြောသည်။

ယင်းသို့ ပဲစင်းငုံအခင်းများ ပျက်စီးခဲ့သည့် အတွက် တောင်သူများအနေဖြင့် ပိုမိုအရှုံးပေါ်ခဲ့ပြီး စီးပွားရေး ကျပ်တည်းလာဖွယ်ရှိကြောင်း အဆိုပါတောင်သူကြီးက ဆက်လက်သုံးသပ်သည်။
ပဲစင်းငုံစိုက်ပျိုးရာတွင် တစ်ဧကလျှင် (၇၀,၀၀၀)ခန့်ရင်းနှီးရပြီး ရိတ်သိမ်းချိန် (ခုတ်ချိန်) တွင် တစ်ဧက (၈) တင်းခန့် အထိ ထွက်ကြောင်း၊ မိုးကောင်းသောက်သီးနှံ အမျိုးအစားဖြစ်ကြောင်း ချောင်းဦးမြို့နယ်မှ တောင်သူတစ်ဦးက ရှင်းပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly