လူငယ်များ အလုပ်အကိုင်ရရှိရန် မိတ်ကပ်ပညာ အခမဲ့သင်ကြားပေးမည်

လူငယ်များ အလုပ်အကိုင်ရရှိရန် မိတ်ကပ်ပညာ အခမဲ့သင်ကြားပေးမည်

ရန်ကုန်၊ ဇူလှိုင် ၂ ။                 ။ မိတ်ကပ်ပညာကို ဝါသနာပါသူများနှင့် အလုပ်အကိုင်လိုအပ်နေသောလူငယ်များအတွက် အလုပ်အကိုင် ရရှိ စေရန်ရည်ရွယ်ကာ လူငယ်အဖွဲ့ဝင် ၉ ဦးဖွဲ့စည်းထားသော အဖွဲ့တစ်ခုမှ မိတ်ကပ်ပညာရပ်များအား အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့နာမည်ကို AOC (Art Of Creators) ဟု အမည်ပေးထားပြီး နယ်မြို့များအပါအဝင်ကျေးလက်ဒေသနှင့် ဖွံ့ဖြိုးဆဲနေရာများ အထိသွားရောက်ကာ မိတ်ကပ်ဖန်တီးမှု ပညာများကို အခမဲ့ သင်ကြားပေးသွားမည် ဖြစ်သည်။

" အဓိက ရည်ရွယ်ချက်ကတော့ အလုပ်အကိုင်ရှားပါးနေတဲ့အတွက် လူငယ်တွေအနေနဲ့ ကိုယ့်ကိုယ်ပိုင်ဆိုင်လေး ဖွင့်ဖြစ်တဲ့အထိ ပညာရပ်တွေ သင်ကြားပေးသွားမှာပါ။ ဘာလို့လဲဆိုတော့ ညီမတို့ သင်ပေးတဲ့ ဘာသာရပ်တွေက မိတ်ကပ်ပြင်ဆင်နည်း၊ ဆံပင်ညှပ်၊ ကောက် နည်းတွေအပြင် သတို့သမီး မိတ်ကပ်အပြင်အဆင်နဲ့ ဆံထုံးတွေကိုပါ သင်ကြားပေးမှာဖြစ်တဲ့ အတွက်ပါ။ သင်တန်းကိုလည်း အခမဲ့သင်ကြားပေးမှာ ဖြစ်တဲ့အတွက် အကုန်လုံးအတွက် အကျိုးရှိစေမယ်လို့ ယုံကြည်ပါတယ်" ဟု အဖွဲ့ဝင် မယုဇနထွန်းက ပြောသည်။

သင်တန်းတွင် သင်ကြားပေးမည့်ဘာသာရပ်နှင့် သင်တန်းအတွက် လိုအပ်သည့် ပစ္စည်းများကိုလည်း အဖွဲ့ဝင်များကပင် စိုက်ထုတ်ကာ ပညာရပ်များကို အခမဲ့သင်ကြားပေးသွားမှာ ဖြစ်ကြောင်းလည်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဘုန်းမြတ်ပိုင်က ပြောသည်။

" မြန်မာနိုင်ငံမှာ ပရဟိတအဖွဲ့တွေအများကြီးရှိတယ်လေ။ အဲဒီမှာ ကလေးတွေအတွက် ၊ သက်ကြီးရွယ်အိုတွေ အ တွက် ဆိုပြီးရှိပေမယ့် အခုလို လူငယ်တွေနဲ့ မိတ်ကပ်အလှအပဖန်တီးမှုတွေကို ဝါသနာပါတဲ့ လူငယ်တွေအတွက် ဒီလို အလှအပမိတ်ကပ် အခမဲ့ပရဟိတ သင်ပေးတာ မရှိတဲ့အတွက် ရွေးချယ်လိုက်တာပါ။ မိတ်ကပ်ပညာရပ်တွေဆိုတာ အပြင်မှာ သင်မယ်ဆို အရမ်းအကုန်အကျများတဲ့အတွက် ကျွန်တော်တို့ သူငယ်ချင်းတစ်စုက ကိုယ်ရတဲ့ လခတွေ မုန့်ဖိုးတွေထဲက ဖဲ့ပြီး ကိုယ်တက်ထားတဲ့ ပညာတွေ ဖြန့်ဝေချင်တဲ့သဘောပါ။ ပိုက်ဆံတော့ တစ်ယောက်မှ မချမ်း သာကြပါဘူး။ ကိုယ်တတ်သလို သူများတွေတတ်စေချင်တဲ့ စေတနာပဲ အရင်းခံပါ"  ဟု ကိုဘုန်းမြတ်ပိုင်က ပြောသည်။

လက်ရှိတွင် AOC အဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင်း မိတ်ကပ်သင်တန်းများ အခမဲ့သင်ကြားပေးခြင်းနှင့် ငွေကြေး မတတ် နိုင်သော မင်္ဂလာမောင်နှံများအား လိုက်လံလိမ်းခြယ်ပေးခြင်းတို့ကို  စတင်လုပ်ဆောင်နေပြီဖြစ်ပြီး နယ်မြို့များသွား ရောက်သင်ကြားရန်အတွက်လည်း ချိတ်ဆက်နေပြီဖြစ်ကြောင်း သိရသည်။

AOC အဖွဲ့အနေဖြင့် လာမည့် ဇူလှိုင်လ ၂၁ ရက်နေ့  လှည်းတန်းစင်တာ၌ မိတ်ကပ်လက်တွေ့လိမ်းခြယ်ပြသပွဲနှင့် fashion ရှိုးပြပွဲကို ဦးဆောင်ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲနေ့တွင် မိတ်ကပ်လိမ်းခြယ်မှုအား သင်ကြား ပြသပေး သွားမည်ဖြစ်သောကြောင့် ဖုန်း 09 781784572 သို့ဆက်သွယ်ကာ စာရင်းပေးသွင်းနိုင်ကြောင်းလည်း AOC အဖွဲ့ ဝင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly