ဘင်္ဂလားဒေ့ရှ်ရှိ စားသောက်ဆိုင်တစ်ခုကို အိုင်အက်စ် အကြမ်းဖက်သမားများ ၀င်ရောက်စီးနင်းပြီး လူအများအပြားကို ဓါးစားခံဖမ်းဆီးထား

ဘင်္ဂလားဒေ့ရှ်ရှိ စားသောက်ဆိုင်တစ်ခုကို အိုင်အက်စ် အကြမ်းဖက်သမားများ ၀င်ရောက်စီးနင်းပြီး လူအများအပြားကို ဓါးစားခံဖမ်းဆီးထား

ဇူလိုင် ၂ ။             ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့တော် ဒါကာတွင် နိုင်ငံခြားသားများဖြင့် စည်ကားသော စားသောက်ဆိုင်တစ်ဆိုင်ကို ဇူလိုင် ၁ ရက်က သေနတ်သမားများက ဝင်ရောက်စီးနင်းခဲ့ပြီး ဆိုင်အတွင်း စားသောက်နေကြသည့် လူဒါဇင်ပေါင်းများစွာကို ထိန်းသိမ်းထားသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အလားတူ ယင်းသေနတ်များနှင့် ရဲများ အပြန်အလှန်ပစ်ခတ်မှုများ လည်းဖြစ်ပွားခဲ့ပြီး ရဲနှစ်ဦးသေဆုံးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် တာဝန်ရှိသူများက ပြောသည်။

အဆိုပါ သေနတ်သမားများမှာ အစ္စလမ္မစ် နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့သားများဖြစ်ကြောင်း နှင့် ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် အထူးကွန်မန်ဒို တပ်ဖွဲ့ဝင်များက ၎င်းတို့အား စီးနင်းတိုက်ခိုက်မှုများလုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ဒါကာမြို့ရှိ Holey Artisan Bakery ဆိုင်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှုမှာ မိမိတို့အဖွဲ့ကလုပ်ဆောင်ခြင်းဖြစ်ကြောင်း အိုင်အက်စ်အုပ်စုက ထုတ်ပြန်ပြောကြားထားသည်ဟု ဆိုသည်။

ဇူလိုင် ၁ ရက် ညပိုင်းက ယင်းစားသောက်ဆိုင်တွင် လူများစွာ ညစာစားသုံးနေချိန် သေနတ်သမားများက "Allahu Akbar"- "ဘုရားသခင်က အကြီးမြတ်ဆုံး" ဟု အော်ဟစ်ကာ ဝင်ရောက်လာခဲ့ပြီး ဆိုင်အတွင်းရှိ လူများကို ထိန်းသိမ်းထားကြောင်းနှင့် ၎င်းတို့မှာ အကြမ်းဖက်သမားများဖြစ်ကြောင်း ရဲများက ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ် ဖြစ်ပွားချိန်တွင် ဆိုင်တွင်းရှိ လူအချို့မှာ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း နာရီပေါင်းများစွာကြာမြင့်ခဲ့ချိန်တွင် ဆိုင်းအတွင်း၌ လူပေါင်းများစွာ ကျန်ရှိကာ ပိတ်မိနေကြောင်း တာဝန်ရှိသူများကပြောသည်။

ယခုအခါ အထူးကွန်မန်ဒို တပ်ဖွဲ့များက ဆိုင်းအတွင်းရှိ သေနတ်သမားများကို  နှိမ်နင်းနေပြီဖြစ်ကြောင်းနှင့် အခြေအနေအသေးစိတ်ကို သိရှိရသေးခြင်းမရှိကြောင်း တာဝန်ရှိသူများက ထပ်လောင်းပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly