ဖားကန့် လယ်ပြင်ကျေးရွာတွင် အစ္စလာမ်ဘာသာဝင်များ ယာယီဝတ်ပြုဆောင်ဖျက်ဆီးခံရသည့်ကိစ္စ အရေးယူနိုင်ရန် စုံစမ်းနေ

ဖားကန့် လယ်ပြင်ကျေးရွာတွင် အစ္စလာမ်ဘာသာဝင်များ ယာယီဝတ်ပြုဆောင်ဖျက်ဆီးခံရသည့်ကိစ္စ အရေးယူနိုင်ရန် စုံစမ်းနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊လယ်ပြင်ကျေးရွာရှိ အစ္စလာမ်ဘာသာဝင်တို့၏ ဝတ်ပြုဆောင် ဇူလိုင်လ ၁ရက်၊ မွန်းလွဲ ၃ နာရီ က မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ထိုသို့ မီးရှို့ဖျက်စီးခံရခြင်းနှင့်ပတ်သက်၍ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို မဇ္ဈိမ မှဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

ယင်းယာယီဝတ်ပြုသည့် အဆောက်အဦမှာ ခွင့်ပြုချက်မရှိဆောက်ထားခြင်းဖြစ်၍ ဖျက်သိမ်းရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အကြိမ်ကြိမ် ညှိနှိုင်းထားသော်လည်း အဆင်မပြေဖြစ်၍ ဇူလိုင် ၁ရက် မွန်းလွဲပိုင်းတွင် ဒေသခံအချို့မှ ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ကြောင်း MOI သတင်းက ဖော်ပြထားသည်။

ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်နေပြီး နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူများရှိ၊ မရှိကိုပါ စုံစမ်းဖော်ထုတ်ပြီး တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန (MOI) က ဆိုသည်။

ဖြစ်စဉ်မှာ လယ်ပြင်ကျေးရွာမှ ဒေသခံအချို့သည် အဆိုပါ ယာယီဝတ်ပြုသည့် အဆောက် အဦနေရာသို့ တုတ်၊ ဓားများကိုင်ဆောင်၍ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် ရောက်ရှိလာ ကြကြောင်း၊ မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး၊ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဖားကန့် မြို့နယ် ရဲတပ်ဖွဲ့မှူး၊ အမှတ်(၈)လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူးတို့ ဦးစီးသည့် လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များဖြင့် အဆင့်ဆင့် တားဆီးခဲ့သော်လည်း ဒေသခံများမှ လက်ခံခြင်းမရှိဘဲ ယာယီဝတ်ပြုသည့် အဆောက်အဦအား ဖျက်ဆီး၍ မီးရှို့ကာ ၎င်းနေရာမှ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ပြန်လည်ထွက်ခွာ သွားကြပြီး လူထိခိုက်မှု တစ်စုံတစ်ရာ မရှိဟု သိရသည်။

လက်ရှိတွင် ဖြစ်စဉ်ဖြစ်ပွားရာနေရာတစ်ဝိုက် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားပြီး အခြေအနေ တည်ငြိမ်မှုရှ်သည်ဟု MOI က ထုတ်ပြန်သည့် သတင်းအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly