အာဖဂန်နစ္စတန်တွင် တာလီဘန်တို့၏ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃၀ ဦးသေဆုံး

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့၏ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃၀ ဦးသေဆုံး

ဇွန် ၃၀ ။            ။ အာဖဂန် နစ္စတန် နိုင်ငံမြို့တော် ကာဘူးလ်တွင် ဇွန်လ ၃၀ ရက်က ရဲတပ်သားသစ်များ လိုက်ပါစီးနင်းလာသည့် ယာဉ်တန်းကို တာလီဘန် အသေခံဖောက်ခွဲရေးသမားတို့က ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၃၀ ဦးသေဆုံးကာ အယောက် ၅၀ ထက်မနည်း ဒဏ်ရာရရှိသွားသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရဲအရာရှိလောင်းများ လိုက်ပါလာသော အဆိုပါယာဉ်တန်းကို တာလီဘန်အသေခံတိုက်ခိုက်ရေးသမားနှစ်ဦးက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်တို့က ထုတ်ပြန်သည်။

မြို့တော် ကာဘူးလ်မြို့၏ အနောက်ဘက် ကီလိုမီတာ ၂၀ အကွာတွင် ယင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နှင့် ရဲဝန်ထမ်းသစ်များမှာ ဝါဒက်ဒေသ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ အပြန် လမ်းခရီးတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယခု တိုက်ခိုက်မှုမှာ မိမိတို့လက်ချက်ဖြစ်ကြောင်း  တာလီဘန်တို့ဘက်က ထုတ်ပြန်ပြောဆိုထားသည်ဟုလည်း သိရသည်။

ဖြစ်စဉ်တွင် ပထမတိုက်ခိုက်ရေးသမားတစ်ဦးက ရဲဝန်ထမ်းလောင်းများနှင့် ၎င်းတို့၏ လေ့ကျင့်ရေးကျောင်းဆရာတို့ စီးနင်းလာသည့် ကားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးနောက် ရဲများနှင့် ကယ်ဆယ်ရေးသမားများ ရောက်လာချိန်တွင် နောက်ထပ် ဒုတိယဗုံးခွဲတိုက်ခိုက်ရေးသမားက ထပ်မံဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly